အမေရိကန်ဟာ ပြင်သစ်က လက်ဆောင် ပေးထားတဲ့ လေဘာတီ ရုပ်တုကြီးနဲ့ ထိုက်တန် ကိုက်ညီတဲ့ တန်ဖိုးတွေ မရှိတော့တာကြောင့် အဲဒီ ရုပ်တုကြီးကို ပြန်တောင်းယူသင့်တယ်လို့ ပြင်သစ် လွှတ်တော် အမတ် တစ်ဦးက ပြောကြားခဲ့ပါတယ်။

မတ်လ ၁၆ ရက်နေ့တုန်းက ဗဟိုလက်ဝဲယိမ်း နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ရာဖေးလ် ဂလူစ်ခ်မန်းက သူ့ရဲ့ နိုင်ငံရေး ဟောပြော လှုပ်ရှားမှု အစီအစဉ် တစ်ခုမှာ လေဘာတီ ရုပ်တုကို ပြင်သစ်ဆီ ပြန်ပေးဖို့ တောင်းဆိုသွားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဟာ အာဏာရှင်တွေနဲ့ တစ်ဖက်တည်း ရပ်တည်ဖို့ ရွေးချယ်နေပြီလို့ ပြောနိုင်ကြောင်း၊ သိပ္ပံပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်တွေကို တောင်းဆိုနေတဲ့ သုတေသီတွေကို အလုပ်ထုတ်ပစ်ခဲ့တဲ့ အမေရိကန်တွေဆီကနေ လေဘာတီ ရုပ်တုကို ပြန်ပေးဖို့ တောင်းဆိုရမှာဖြစ်ကြောင်း ဂလူစ်ခ်မန်းက ဟောပြောနေတဲ့အချိန် ထောက်ခံသူတွေက သောင်းသောင်းဖြဖြ အားပေးခဲ့ကြပါတယ်။

ပြင်သစ်ဟာ အမေရိကန်အတွက် လေဘာတီ ရုပ်တုကို ချစ်ကြည် ရင်းနှီးမှု လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပေမယ့် အမေရိကန်က တန်ဖိုးမဲ့အောင် ပြုမူနေကြောင်း၊ ဒါကြောင့် လေဘာတီ ရုပ်တုကို ဇာတိနိုင်ငံဆီ ပြန်ဆောင်ယူသင့်ပြီ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

အမေရိကန်ရဲ့ လွတ်လပ်ရေး ကြေညာမှုကို ပြင်သစ်နိုင်ငံက ဂုဏ်ပြုတဲ့ အနေနဲ့ လေဘာတီ ရုပ်တုကြီးကို လက်ဆောင်ပေးခဲ့တာဖြစ်ပြီး ၁၈၈၆ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့ကစလို့ နယူးယောက် ဆိပ်ကမ်းမှာ စိုက်ထူထားခဲ့ပါတယ်။ အခုအခါမှာတော့ လေဘာတီ ရုပ်တုကြီးဟာ အမေရိကန်မှာ ကမ္ဘာလှည့် ခရီးသွားတွေ လည်ပတ်မှု အများဆုံး အထင်ကရ နေရာတစ်ခု၊ အမေရိကန်ရဲ့ ဂုဏ်အယူရဆုံး ပုံရိပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

အဲဒီ ရုပ်တုကို ပြင်သစ် ပန်းပု ပညာရှင် အော့ဂက်စ်တီ ဘာဟိုလ်ဒီက ပြင်သစ်မှာ ထုလုပ်ခဲ့ပြီး အမေရိကန်ကို ပင်လယ်ရေလမ်း ခရီးကနေ အပိုင်းလိုက် သယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဂလူစ်ခ်မန်းဟာ ရုရှားနဲ့ ယူကရိန်း စစ်ပွဲမှာ ယူကရိန်းဖက်က အခိုင်အမာ အားပေး ရပ်တည်ခဲ့သူဖြစ်ပြီး အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် စစ်ပွဲနဲ့ ပတ်သက်တဲ့ မူဝါဒမှာ အကြီးအကျယ် ပြောင်းလဲစေခဲ့ပြီး ရုရှားနဲ့ ညှိနှိုင်းခဲ့တဲ့အပေါ် ဂလူစ်ခ်မန်းက တူးတူးခါးခါး ဆန့်ကျင်ခဲ့ပါတယ်။

သူဟာ ထရမ့်လက်ထက်မှာ အမေရိကန်ရဲ့ သိပ္ပံနဲ့ သုတေသန ဌာနတွေက ပညာရှင်တွေ အပါအဝင် အစိုးရ ဝန်ထမ်းတွေကို အလုပ်ထုတ်ပယ်နေတဲ့ အပေါ်မှာလည်း ဝေဖန်ခဲ့ပြီး အဲဒီပညာရှင် တချို့ကို ပြင်သစ်က ခေါ်ယူပြီး အလုပ်ခန့်အပ်သင့်ကြောင်း ပြင်သစ် အစိုးရကို တိုက်တွန်းထားပါတယ်။

ထရမ့်ဟာ ဇန်နဝါရီလမှာ အမေရိကန် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ကတည်းက အစိုးရ အသုံးစရိတ်တွေ လျှော့ချရေးကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေပြီး အဲဒီထဲမှာ အမေရိကန်ရဲ့ သုတေသန ရန်ပုံငွေ အမြောက်အမြားလည်း ပါဝင်ခဲ့ပါတယ်။ နောက်ပြီး ဆေးသိပ္ပံနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံ သုတေသန ကဏ္ဍတွေမှာ အလုပ်လုပ်နေတဲ့ ပညာရှင် အများအပြားကိုလည်း ထရမ့်က ထုတ်ပယ်ခဲ့ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *