စလင်းမြို့နယ်တွင် စစ်ကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် စလင်းမြို့နယ်အတွင်း တိုက်ပွဲပြင်း ထန်နေ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ သံပြားကာ စစ်ကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ပြီး စစ်တပ်က ကြည်း၊ ရေ၊ လေပူးပေါင်းကာ စစ်ကြောင်းထိုး နေသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း ဗမာ့တပ်တော် – BAMAR ARMY က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၁၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန် စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့ဘက်သို့ အင်အားဖြည့်တင်း ရန် မောင်းနှင်လာသည့် အကြမ်းဖက်စစ်သား အင်အား ၂၀ ဦးခန့်ပါ သံပြားကာ ကား ၁ စီးကို ဗမာ့ တပ်တော် (BAMAR ARMY) ၏ အမှတ် ၇၀၇ တပ်ရင်းမှ ကြားဖြတ် ဖြတ်တောက် ဟန့်တား တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ဦးခေါင်းကျည်ထိမှန်သေဆုံးသွားပြီး ၁ ဦး လက်ထိမှန်ဒဏ်ရာရရှိခြင်း အပါအဝင် စစ်သား အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တပ် သံပြားကာ ကားနှင့် အကြမ်းဖက်စစ်သား အင်အား ၂၀ ခန့်သည် စလင်းမြို့မှ ဆင် ဖြူကျွန်းမြို့ဘက်သို့ အင်အားဖြည့်တင်းရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ယခု ၂၀၂၅ ခုနှစ် မတ်လ အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်က စလင်းမြို့နယ်အတွင်းသို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းထိုးရာတွင် တင့်/ သံချပ်ကာကားများ၊ Mi-35 ရဟတ်ယာဥ်၊ ရေကြောင်းမြစ်တွင်း သွားလာသော စစ်သင်္ဘောအကူများ၊ ခြေလျင်စစ်ကြောင်းများ ပါဝင်ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းများကို တော်လှန်ရေးအင်အားစုများက နေ့စဉ် ရက်ဆက် တိုက်ခိုက် ချေမှုန်းနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများနေသောကြောင့် အင်အားများကို ထပ်မံဖြည့်တင်းနေခြင်းဖြစ်ကြောင်း ဗမာ့ တပ်တော် (BAMAR ARMY) က ထုတ်ပြန် ထားသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *