ရခိုင်ပြည်နယ် မောင်တော၊ ဘူသီးတောင်မြို့များတွင် လှုပ်ရှားနေသည့် အာရကန်လွတ်မြောက်ရေးအဖွဲ့ခေါ် အာဆာအဖွဲ့၏ ခေါင်းဆောင် အချို့အပါအဝင် ၁၀ ဦးကို ဘင်္ဂလားဒေ့ချ်အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

အာဆာအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အာတာဥလာ အဘူအမား ဂျွန်နွန်နီ အပါအဝင် အဖွဲ့ဝင်များကို ယခုအပတ် တနင်္လာနေ့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့်ချ်နိုင်ငံ Dhaka Tribune သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးမှုတွင် အာဆာအဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်သူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၁၅ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး နှင့် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးတို့လည်း ပါဝင်ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူအချို့မှာ ကော့ဘဇာဒုက္ခသည် စခန်းများတွင် နေထိုင်နေသူများဖြစ်သည်။

အာဆာခေါင်းဆောင် အာတာဥလာနှင့် ၆ ဦးမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုနှင့် အကြမ်းဖက်မှုလှုပ်ရှားမှုတို့ဖြစ်ကြောင်း ဖမ်းဆီးရာတွင်ပါရှိသည့် ရဲအရာရှိတစ်ဦးကိုကိုးကား၍ Dhaka Tribune ကဖော်ပြသည်။
အတာဥလာမှာ ကော့ဘဇာဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာဒုက္ခသည်တို့ ချစ်ခင်လေးစားမှုကို ခံရသူ မူဟစ်ဘူလာကို သတ်ဖြတ်ရန် အမိန့်ပေးစေခိုင်းခဲ့သူဖြစ်ကြောင်း စွပ်စွဲခံထားရသူဖြစ်သည်။ ထို့ပြင် ဘင်္ဂလားဒေ့်ချ် ထောက်လှမ်းရေးအရာရှိ ရီဇွမ် ရုရှဒီအား သတ်ဖြတ်မှုအတွက် သင်္ကာမကင်းဖြစ်ခံထားရသူဖြစ်ကြောင်း သိရှိရသည်။

၂၀၁၇ နှစ်၌ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲကင်းများကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်သည်ဆိုကာ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများကိုလူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်။
သို့ရာတွင် ၂၀၁၉ ခုနှစ်ခန့်မှစ၍ စစ်တပ်နှင့် အာဆာသည်ပူးပေါင်းပြီး ဟန်ချက်ညီလှုပ်ရှားနေကြောင်း သတင်းများပေါ်ထွက်လာကာ၊ ယမန်နှစ်ကစ၍ အာဆာနှင့် စစ်တပ်ပူးပေါင်းပြီး ရက္ခိုင့်တပ်တော် AA ကို တန်ပြန်တိုက်ခိုက်နေသည်။

ထိုအခြေအနေတွင် အာဆာက ရိုဟင်ဂျာဒုက္ခသည်စခန်းများမှ လူငယ်များကို ငွေအားဖြင့်လည်းကောင်း အဓမ္မနည်းဖြင့်လည်းကောင်း စစ်ပွဲအတွင်း သွတ်သွင်းပြီး စစ်တပ်နှင့် လှုပ်ရှားနေခဲ့သည်။

ပုံစာ- အာဆာအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အာတာဥလာ အဘူအမား ဂျွန်နွန်နီ (ယာ)နှင့် အဖွဲ့ဝင်များကို ယမန်နေ့က ဘင်္ဂလားဒေ့်ချ် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားရုံးတင်ကာ ရီမန်ယူနေပုံ (Bangla Tribune)


Leave a Reply