ပြင်စည်ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်

ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ပြင်စည်ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွား၊ အမြန်လမ်း ယာယီပိတ်ကာ ခရီးသည်တင်ကားများ ရပ်တန့်ခဲ့ရ

ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ပြင်စည်ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ယနေ့ နံနက်ပိုင်း ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားပြီး တိုက်ပွဲဖြစ်ပွားကာ အမြန်လမ်းယာယီပိတ်သွားခဲ့ကြောင်း ခရီးသွားပြည်သူများက ပြောဆိုသည်။

ယနေ့ မတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်မှစတင်ပြီး မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၉ မိုင် ၆ ဖာလုံရှိ စစ်ကောင်စီ၏ ပြင်စည် အမြန်လမ်း ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှု မိနစ် ၄၀ ခန့်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ပြင်စည်စခန်းကို လာတိုက်ရင်း အပြန်အလှန် ပစ်ခတ်ကြတာ။ နာရီဝက်ကျော်လောက်ကြာတယ်။ ပစ်ခတ်ကြတာ။ တိုက်ပွဲဖြစ်နေတုန်းတော့ အမြန်လမ်းခဏပိတ်လိုက်တယ်။ ကားတွေလည်း လာရာလမ်းအတိုင်း ပြန်လှည့်ပြေးရတယ်။ မွန်းလွဲ ၁၂ နာရီလောက်မှာ တိုက်ပွဲပြီးသွားတယ်။ လမ်းတော့ ပြန်ပွင့်သွားပြီ” ဟု နွားထိုးကြီးမြို့ အခြေစိုက် ကင်းထောက်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက နွားထိုးကြီးအခြေစိုက် Natogyi People Defense Force မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းထံသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားလျက်ရှိပြီး လက်ရှိအချိန်အထိ အဆက်အသွယ် မရရှိသေးပေ။

လက်ရှိ စစ်ကောင်စီက အင်အား ၁၀၀ ဝန်းကျင်ဖြင့် မိုင်တိုင်အမှတ် ၃၁၉ ရှီ ပြင်စည်ရဲစခန်းပတ်ဝန်း ကျင်သို့ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်များလည်း ပြန်လည်ဆုတ်သွားပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက် ၁၁ နာရီ ရန်ကုန်-မန္တလေး အမြန်လမ်း ၃၂၀ မိုင်တွင် တိုက်ပွဲဖြစ်ပွားသဖြင့် ခရီးသည်တင်ကားများ ရပ်တန့်ပြီး တချို့သော ခရီးသည်တင်ကားများမှာ လမ်းပြောင်းပြန် ပြန်လည် မောင်းပြေးလာစဉ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *