ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် PDF ရဲဘော်များကို စိန်ခေါ်ထားသည့် ပျူစောထီးခေါင်းဆောင် နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဝေါမြို့နယ် ပကဖနှင့်တောင်ညိုစစ်ကြောင်း တာဝန်ရှိသူတို့က ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၈ ရက် ညနေ ၆ နာရီခန့်က ဝေါမြို့နယ်၊ စစ်တောင်းမြစ်ကမ်းနားရှိ လက်ပန် ကျေးရွာ ပျူစောထီးခေါင်းဆောင် အောင်ကြီး၏ နေအိမ်တွင် စစ်သား၊ ပျူစောထီးများ စုဝေးနေစဉ် ဒရုန်းဖြင့် တောင်ညိုစစ်ကြောင်းမှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ပျူစော ထီး ၇ ဦးအပြင်းအထန် ဒဏ်ရာရရှိကာ မြစ်ကျိုးဆေးရုံမှ တောင်ငူဆေးရုံသို့ ပို့ဆောင်ကုသထား ကြောင်း သိရသည်။

“PDF တွေကို စိန်ခေါ်ထားတဲ့ ဝေါမြို့နယ် ၊လက်ပန်ရွာက ပျူစောထီး ခေါင်းဆောင်ရဲ့ နေအိမ် အပေါ် ဒရုန်း ဗုံးသီးချ တိုက်ခိုက်ခံရတာ၊ စစ်တောင်းမြစ်ဘေးမှာရွာတွေထဲမှာ သူ့ရွာက ပျူအင်အား အ တောင့်တင်းဆုံးပေါ့၊ စခ ၂ ဦးသေတယ်၊ ပျူ ၇ ဦးတော့ မြစ်ကျိုးအင်းဆေးရုံကနေ တောင်ငူဆေးရုံကို ပို့လိုက်တယ်လို့ သိရပါတယ်” ဝေါမြို့နယ် ပကဖမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဝေါမြို့နယ်၊စစ်တောင်းမြစ်ကမ်းနားရှိကျေးရွာများ တွင် လက်ပန်ကျေးရွာသည် ပျူစောထီး အင်အား အတောင့်တင်းဆုံးရွာဖြစ်ပြီး ပျူစောထီး အင်အား ၃၀ ကျော်ရှိကြောင်း၊ ပျူစောထီး ခေါင်းဆောင် အောင်ကြီးသည် PDF ရဲဘော် များကို စိန်ခေါ်ထားသူတစ်ဦးဖြစ်ကြောင်းသိရသည်။

“ပျူစောထီးခေါင်းဆောင် အောင်ကြီးအိမ်တည့်တည့်ကို ပထမ တစ်လုံးချတယ်၊ ချတဲ့အချိန်မှာ စစ်‌ခွေးတွေက သူတို့လူကို ဝင်ဆွဲတဲ့အချိန် နှစ်လုံး ဆက်တိုက် ထပ်ချတာ၊ မနေ့ကအထိ တစ်ယောက် သေပြီး ဒဏ်ရာရ ၆ ယောက်ရှိတယ်လို့ သတင်းကြားတယ်၊ ဒီနေ့မနက်မှာတော့ ၃ ယောက် ထပ် သေတယ်လို့ သတင်းရတယ်။ ကျနော်တို့ ဒရုန်းချတဲ့အချိန်မှာ သူတို့ဘက် လက်နက်ကြီးပစ်တာ၊ ဒရုန်းလွှတ်တင်တာတွေတော့ရှိပါတယ်။ ပြည်သူထိခိုက်မှုမရှိသလို ကျနော်တို့ရဲဘော်တွေလည်း ထိခိုက်မှုမရှိခဲ့ပါဘူး” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *