သိပ္ပံပညာရှင်တွေဟာ စိန်နဲ့တူတဲ့ PSR J1719-1438b နဲ့ 55 Cancri e ဂြိုဟ်ကြီးနှစ်လုံးကို ရှာတွေ့ခဲ့ပြီး ဂြိုဟ်တွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ပတ်သက်ပြီး လူသားတွေ နားလည်သိရှိထားတဲ့ အချက်တွေနဲ့ စကြာစဠာကြီးရဲ့ လျှို့ဝှက်ချက်တွေအပေါ် မေးခွန်းထုတ်စရာတွေ တိုးလာနေပါတယ်။
အာကာသကြီးဟာ အံ့ဩမင်သက်စရာတွေနဲ့ ပြည့်နှက်နေပြီး သိပ္ပံပညာရှင်တွေကလည်း စူးစမ်းလေ့လာမှုတွေ ပိုမိုလုပ်ဆောင်လာကြပါတယ်။ သုတေသီတွေဟာ စိန်နဲ့တူတဲ့ ဂြိုဟ်ကြီးတလုံးကို မကြာသေးမီက ရှာတွေ့ခဲ့တာကြောင့် အံအားသင့်ခဲ့ကြရပါတယ်။ PSR J1719-1438b လို့ခေါ်တဲ့ ဒီအာကာသဒြပ်ထုကြီးဟာ ကမ္ဘာထက် ငါးဆကြီးပါတယ်။ တောက်ပလင်းလက်နေတာ ဒီဂြိုဟ်ကြီးတခုတည်းတော့ မဟုတ်ပါဘူး။ 55 Cancri e လို့ခေါ်တဲ့ အခြားဂြိုဟ်ကြီးတလုံးဟာလည်း စိန်တွေနဲ့ ပြည့်နှက်နေပုံရပါတယ်။
သိပ္ပံပညာရှင်တွေက PSR J1719-1438b ဟာ တချိန်က ကြယ်ကြီးတလုံးရဲ့ အစိတ်အပိုင်းတခု ဖြစ်ခဲ့ပုံရတယ်လို့ ယူဆထားကြပါတယ်။ ၎င်းရဲ့ အပြင်ဘက်အလွှာဟာ နျူထရွန်ကြယ်ကြောင့် ကွာကျသွားခဲ့ပြီး ကာဗွန်ကြွယ်ဝတဲ့ ဗဟိုအူတိုင်ပဲ ကျန်ရစ်ခဲ့ပါတယ်။ အချိန်ကာလကြာလာတာနဲ့အမျှ ဒီအူတိုင်ဟာ စိန်နဲ့တူတဲ့ ဂြိုဟ်တခုအဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။ ဒီရှားရှားပါးပါး ရှာဖွေတွေ့ရှိချက်ကြောင့် နက္ခတ္တဗေဒပညာရှင်တွေဟာ ဂြိုဟ်တွေရဲ့ ထူးခြားတဲ့ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး ပိုမို စိတ်ဝင်စားလာကြပါတယ်။
အမေရိကန်အာသာသအေဂျင်စီ(NASA)ရဲ့ ဂျိမ်းစ်ဝက်ဘ် အာကာသကြည့်မှန်ပြောင်းဟာ ပြီးခဲ့တဲ့နှစ်က ရင်သပ်ရှုမောဖွယ်ရာ အရာတခုကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကမ္ဘာကနေ အလင်းနှစ် ၄၁ နှစ်အကွာက 55 Cancri e လို့ခေါ်တဲ့ ဧရာမဂြိုဟ်ကြီးတလုံးကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
ဒီဂြိုဟ်ဟာ ကမ္ဘာထက် နှစ်ဆကျယ်ဝန်းပြီး ကိုးဆပိုလေးပါတယ်။ 55 Cancri e ဂြိုဟ်ဟာ မိခင်ကြယ်ကို ၁၇ နာရီတကြိမ် လှည့်ပတ်နေတာကြောင့် လွန်ကဲတဲ့ အပူဒဏ်ကို ကြုံတွေ့နေရပါတယ်။ မျက်နှာပြင်အပူချိန်ဟာ ၂,၄၀၀ ဒီဂရီဆဲလ်စီးရပ်အထိရှိနိုင်တာကြောင့် ဂြိုဟ်မျက်နှာပြင်ဟာ ချော်ရည်ပူတွေအဖြစ် ပြောင်းလဲသွားပါတယ်။ မီးတောင်လှုပ်ရှားမှုကြောင့် ပေါ်ပေါက်လာတာဖြစ်နိုင်တဲ့ ဒုတိယလေထုအလွှာကိုလည်း သိပ္ပံပညာရှင်တွေက ရှာတွေ့ခဲ့ပါတယ်။
အဆိုပါ 55 Cancri e ဂြိုဟ်ကို စိန်တွေနဲ့ ဖွဲ့စည်းထားနိုင်ခြေရှိပါတယ်။ လေ့လာမှုတွေအရ ဒီဂြိုဟ်ရဲ့ သုံးပုံတပုံကို စိန်တွေနဲ့ ဖွဲ့စည်းတာဖြစ်နိုင်ပါတယ်။ ကမ္ဘာမှာ ရေတွေ၊ ကျောက်သားကျောက်စိုင်တွေ အများဆုံးတွေ့ရပေမဲ့ 55 Cancri e ဂြိုဟ်ကို ဂရပ်ဖိုက်နဲ့ စိန်လိုမျိုး ပြောင်ပြောင်လက်လက် အရာတွေနဲ့ ဖုံးအုပ်ထားတာ ဖြစ်နိုင်ပါတယ်။
ဒီရှာဖွေတွေ့ရှိမှုတွေကြောင့် ဂြိုဟ်တွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ပတ်သက်ပြီး လူသားတွေ နားလည်သိရှိထားတဲ့ အချက်တွေအပေါ် စိန်ခေါ်မှုတွေ ရှိလာပါတယ်။ စိန်သားဂြိုဟ်တွေတည်ရှိနေတာကြောင့် ဂြိုဟ်တွေတွေကို ဘယ်လိုဘယ်ပုံ ဖွဲ့စည်းထားသလဲဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ အများအပြား ပေါ်ထွက်လာပါတယ်။ သိပ္ပံပညာရှင်တွေဟာ အဆိုပါဂြိုဟ်တွေကို ဆက်လက်လေ့လာနေကြပြီး စကြာစဠာကြီးရဲ့ လျှို့ဝှက်ချက်တွေကို ပိုမိုဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။
(Money Control တွင် ဖော်ပြထားသော “A planet of gems? NASA discovers a massive diamond world in space¬ – five times Earth’s size” ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။)


Leave a Reply