နိုင်ငံသားတွေ အနေနဲ့ သွားရောက် လည်ပတ်တာမျိုး လုံးဝ မလုပ်ဘဲ ရှောင်ကြဉ်သင့်တယ်ဆိုတဲ့ နိုင်ငံတွေစာရင်းကို ဩစတြေးလျ အစိုးရက ထုတ်ပြန်ခဲ့ရာမှာ မြန်မာလည်း ပါဝင်လာခဲ့ပါတယ်။

အဲဒီစာရင်းထဲမှာပါတဲ့ နိုင်ငံတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ၊ အကြမ်းဖက်မှု ပြဿနာတွေ၊ ပြည်တွင်း မငြိမ်သက်မှုတွေနဲ့ တရားလက်မဲ့ ဖမ်းဆီးမှုတွေ ထူထပ်နေတာကြောင့် ဘေးမကင်းတဲ့ ဇုန်နယ်မြေတွေဖြစ်နေတယ်လို့ဩစတြေးလျက ဆိုပါတယ်။

စာရင်းအပြည့်အစုံကတော့ ရုရှား၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား၊ ဟေတီ၊ အီရန်၊ မြန်မာ၊ တရုတ်၊ ဆူဒန်၊ ဆီးရီးယား၊ ယူကရိန်း နဲ့ လစ်ဗျားတို့ ဖြစ်ကြပါတယ်။ အဲဒီ နိုင်ငံတွေဟာ မငြိမ်သက်မှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေသလို နိုင်ငံခြား ခရီးသွား ဧည့်သည်တွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းကဏ္ဍတွေမှာလည်း ရှုပ်ထွေးတဲ့၊ မူမှန်မဟုတ်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်နေစေတယ်လို့ ဆိုပါတယ်။

အခုလိုသတိပေးကြေညာချက်မျိုး ထုတ်ပြန်တယ် ဆိုတာဟာ လုံခြုံရေး စိုးရိမ်ရတယ်ဆိုတဲ့ အကြံပြု ထောက်ပြမှုမျိုးအပြင် သက်ဆိုင်ရာ ဒေသ၊ နိုင်ငံကို လုံးဝ မသွားသင့်ကြောင်း ထိထိရောက်ရောက် ထောက်ပြမှုလို့လည်း သတ်မှတ်နိုင်ပါတယ်။

နိုင်ငံတကာကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရပ်ဝန်းမှာတော့ နိုင်ငံကြီးတွေဆီက အဲဒီလိုသတိပေး ကြေညာချက်မျိုး ထုတ်ပြန်ခံရတဲ့ နိုင်ငံတွေဟာကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး၊ ဒါမှမဟုတ် ပြန်လည် နာလန်ထူရေး အားထုတ်မှုတွေမှာ အကြီးအကျယ် ထိခိုက်နစ်နာရလေ့ ရှိပါတယ်။

မြန်မာနဲ့ ပတ်သက်ပြီးဩစတြေးလျကအဓိက သတိပေးထားတာကတော့ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပြည်တွင်း ပဋိပက္ခတွေပဲ ဖြစ်ပါတယ်။ ပြီးတော့အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား ကဏ္ဍဟာ သိသိသာသာ ကျဆင်းလာနေတယ်လို့လည်း ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ် ရောက်လာတဲ့ထိ အခြေအနေတွေက ထိလွယ်ရှလွယ်နဲ့ ခန့်မှန်းရ ခက်နေဆဲလို့လည်း ဆိုပါတယ်။

ဩစတြေးလျရဲ့ သတိပေးချက်ဟာ စစ်ကောင်စီရဲ့ ဥပဒေမဲ့ စည်းလွတ်ဘောင်လွတ် ဖမ်းဆီးမှုတွေနဲ့လည်း ဆက်စပ်နေဖွယ် ရှိပါတယ်။

အရပ်သား အစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချ အာဏာသိမ်းခဲ့တဲ့နောက်စစ်ကောင်စီဟာအရပ်သားအစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးဖြစ်သူ ဩစတြေးလျ နိုင်ငံသား ရှောင်တာနဲလ်ကို ဖမ်းဆီးပြီး ရက်ပေါင်း ၆၅၀ ကြာ အကျဉ်းချထားခဲ့ဖူးပါတယ်။

ကိုးကား- Travel and Tour World

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *