ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ မြို့မဈေးမှာ မတ်လ ၂၁ ရက်နေ့ နေလယ်ပိုင်းက စည်ပင် နဲ့ စားသောက်ကုန်ရေးရာအဖွဲ့က ကျန်းမာရေးအရ ဆိုးဆေးပါတယ်လို့ ဆိုပြီး ပုဇွန်ချဥ်ရောင်းတဲ့ စျေးသည်ဆီက ပုဇွန်ချဥ်တွေကို အတင်းအဓ္ဓမ သိမ်းဆည်းယူဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရှိရပါတယ်။
စစ်ကောင်စီရဲ့ စားသုံးသူရေးရာဦးစီဌာန အဖွဲ့ နဲ့ စည်ပင်သာယာရေး အဖွဲ့တွေက ပုသိမ်မြို့မစျေးထဲက ကုန်စည် စျေးသည်တွေကို လိုက်လံ စစ်ဆေးပြီး ပုဇွန်ချဥ်ရောင်းတဲ့ စျေးသည်တစ်ဦးအား ဆိုးဆေးသုံးတယ်လို့ဆိုကာ အဆိုပါ စျေးသည်အဖွားအိုကို ၀ိုင်း၀န်းဆဲဆို ရန်တွေ့ပြီး ပုဇွန်ချဥ်တွေကို သိမ်းခဲ့တာလို့ သိရပါတယ်။
“ပုဇွန်ချဥ်ရောင်းတဲ့ အဖွားကို ၀ိုင်းဆဲကြတာ ဆိုးဆေးတွေ သုံးပြီး ရောင်းရသလားဆိုပြီး။ ဟိုက ဒါလေးရောင်းမှ ထမင်းစားရတာပါ။ သူတို့က အလဟသ လိုက်ပြီး ပြည်သူတွေကို ကျန်းမာရေးဆိုတဲ့ အကြောင်းပြချက်နဲ့ မတရား ဒုက္ခပေးနေတာ။ သူတို့အမေလောက်ရှိတဲ့ အဖွားကို ဆဲဆိုပြီး ရန်တွေ့သွားတာ။ ပုဇွန်ချဥ်တွေကိုလည်း သိမ်းသွားကြသေးတယ် ” လို့ မျက်မြင်သက်သေစျေး၀ယ်သူ တစ်ဦးက ပြောပါတယ်။
အဆိုပါ သိမ်းဆည်းသွားတဲ့ ပုဇွန်ချဥ်တွေကို ခွဲဝေစားသောက်ကြတာ ဖြစ်နိုင်ပြီး လွှင့်ပစ်တာမျိုး မဟုတ်ဘူးလို့လည်း စုံစမ်းသိရှိရပါတယ်။
အဲ့ဒါအပြင် မြို့ပေါ်က ဖုန်းဆိုင်တွေနဲ့ မုန့်ဆိုင်တွေကို လိုက်လံစစ်ဆေးပြီ ဖုန်းဆင်းမ်ကဒ် အမည်ပေါက် မရှိတဲ့ ဆင်းမ်ကဒ်တွေကို သိမ်းဆည်းသွားသေးတယ်လို့လည်း သိရှိရပါတယ်။
“ဆင်းမ်ကဒ်တွေကို သက်ဆိုင်ရာ ကုမ္မဏီတွေက လစဥ်လာရောင်းတယ်။ Mytel ဆိုလည်း သူတို့၀န်ထမ်းက သူတို့ပါသာ လုပ်ထားတဲ့ မှတ်ပုံတင်တခု ဆင်းမ် ကဒ် ၁၀ ခုလောက်နဲ့ အဲ့လို မျိုးတွေကိုပြန်ရောင်းရတာပါ။ အဲ့ဒါတွေကို တကဒ်ကို မှတ်ပုံတင်တစ်ခုပဲသုံးရမှာဖြစ်လို့ ခုလို ဖြစ်တာ ဥပဒေနဲ့မညီဘူးဆိုပြီး အကုန််သိမ်းသွားတယ် ” လို့ ဖုန်းဆိုင် ၀န်ထမ်းတစ်ဦးက မြို့တော်ကို ပြောပါတယ်။
စစ်ကောင်စီက ပြည်သူစားသောက်ကုန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နဲ့ စားသုံးသူ ဦးစီးဌာနတို့ က ပြည်သူ့ကျန်းမာရေးလို့ဆိုကာ စျေးကွက်ထဲ လိုက်လံစစ်ဆေးနေပြီး အစားအသောက်နဲ့ ဆေး၀ါးတွေကို စစ်ဆေးသိမ်းဆည်းကာ ငွေကြေးပြည့်စုံတဲ့ စျေးဆိုင်တွေ ဆိုရင်တော့ ပစ္စည်းသိမ်းဆည်းတာတွေမလုပ်ဘဲ သတိပေးရုံပဲပေးတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေထံက သိရပါတယ်။


Leave a Reply