မန္တလေးမြို့ရှိ ရပ်ကွက်များမှ လူငယ်များအားလုံးကို စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် ယနေ့ မဲနှိုက်ခိုင်းမည်

မန္တလေးမြို့ရှိ ရပ်ကွက်များမှ လူငယ်များအားလုံးကို အကြမ်းဖက်စစ်ကောင်စီက ဧပြီလအတွင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် ယနေ့ မဲနှိုက်ခိုင်းမည်ဖြစ်ကြောင်း မန္တလေးမှ ပြည်သူများက ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် အကျုံးဝင်သည့် အမျိုးသားလူငယ်များအားလုံးကို အပတ်စဉ် ၁၂ (၄/၂၀၂၅) တက်ရောက်ရန်အတွက် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများနှင့်အညီ မဲနှိုက် ရွေးချယ်မည်ဖြစ်ကြောင်း သိရှိရသည်။

“စစ်မှုထမ်း မဲနှိုက်ခိုင်းဖို့ စာတွေ ဝေတယ်။ လော်စပီကာနဲ့လည်း လိုက်အော်တယ်။ မန္တလေးတစ်မြို့လုံး ရပ်ကွက်တွေမှာ မဲနှိုက်ခိုင်းမှာ” ဟု မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်မှ ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်မှုထမ်းခိုင်းရန် မဲနှိုက် ရွေးချယ်ရေးလုပ်ငန်းများကို လူငယ်များကိုယ်တိုင် သို့မဟုတ် မိမိမိသားစုထဲမှ ကိုယ် စားလှယ်တစ်ဦးက လာရောက် မဲနှိုက်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်(သို့မဟုတ်) မိဘများ လာရောက် မဲမနှိုက်ပါက သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တစ်ဦးဦးက မဲနှိုက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“လူငယ်တွေကို သေလမ်းပို့နေပြီ။ မိဘတွေပါ ပြောင်းပြေးရမယ့် အခြေအနေဖြစ်နေပြီ။ မိဘတွေရော လူငယ်တွေရော အရမ်းကို စိတ်ဆင်းရဲနေရတယ်” ဟု ဒေသခံပြည်သူက ဆက်လက်ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ မေလမှ စတင်၍ စစ်မှုထမ်း အပတ်စဉ် ၁ ဖွင့်လှစ်ခဲ့ပြီး ယခုအခါ စစ်မှုထမ်း အပတ်စဉ် ၁၂ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *