ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) အား ဦးအောင်ဆန်းဦးတင်ပြထားသည့် လျှော့စျေး ကျပ် ၂၇၀ ဘီလီယံဖြင့် လေလံတင်ရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးက ယနေ့ (မတ်လ ၂၅ ရက်) ရုံးချိန်းတွင် အမိန့်ချမှတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
လေးကြိမ်မြောက်လေလံပွဲကို လာမည့် ဧပြီလ ၂၉ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
အဆိုပါခြံကို ယခင်ကတရားရုံးကသတ်မှတ်ပေးသည့် လေလံကြမ်းခင်းဈေး ပထမအကြိမ် ကျပ် ၃၁၅ ဘီလီယံ၊ ဒုတိယအကြိမ် ကျပ် ၃၀၀ ဘီလီယံနှင့် တတိယအကြိမ် ကျပ် ၂၉၇ ဘီလီယံတို့ဖြင့် လေလံပစ်ခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့ပေ။
ထို့ကြောင့် ထပ်မံလေလံတင်ရောင်းချနိုင်ရေးအတွက် ဦးအောင်ဆန်းဦးဘက်က တတိယအကြိမ်စျေးထက် ကျပ် ၂၇ ဘီလီယံလျှော့ပြီး တင်ပြခဲ့သည်။
တရားရုံးက ယခင်အခေါက်များတွင် ဦးအောင်ဆန်းဦးတင်ပြခဲ့သည့်စျေးနှုန်းထက်ပိုတိုးပြီး သတ်မှတ်ပေး ခြင်းများရှိခဲ့သော်လည်း လက်ရှိတွင် ၎င်း၏ စျေးအတိုင်း လက်ခံလိုက်ခြင်းဖြစ်သည်။
ထိုသို့ ခြံအမှတ်(၅၄)အား လေလံတင်ရောင်းချရန်ဆောင်ရွက်မှုများအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ကဘက်ကလည်း ပြင်ဆင်မှုတက်ခြင်း၊ ကန့်ကွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဒေါ်ခင်ကြည်အမည်ပေါက် ခြံအမှတ်(၅၄)သည် နှစ်ဧကနီးပါးကျယ်ဝန်းပြီး ၂၀၁၆ ခုနှစ်တွင် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ယင်းခြံရှိ နှစ်ထပ်အိမ်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးကလည်းကောင်းခွဲဝေယူရန် အမိန့်ချမှတ်ခဲ့သော်လည်း ဦးအောင်ဆန်းဦးက ခြံဝန်းတခုလုံးလေလံပစ်ပြီး ရရှိသည့်တန်ဖိုးကို တယောက်တဝက်ခွဲဝေယူရန် အယူခံအဆင့်ဆင့်တက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း ခြံအမှတ်(၅၄)ကို ကြားကာလ အမျိုးသား အဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ထားပြီး မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ရောင်းချခြင်း၊ ဖျက်ဆီးခြင်းအပါအဝင် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။


Leave a Reply