ရေကြည်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ၏ ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ပျက်စီးကာ ဒေသခံများ ဘုန်းကြီးကျောင်းတွင် ပိတ်မိနေ

ရေကြည်မြို့နယ်၊ ပန်းပုကွင်း(ရွာသစ်)ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) ၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် AA ၊ PDF ပူးပေါင်းတပ်ဖွဲ့သည် ယနေ့ မတ် ၂၆ ရက်နေ့ နေ့လယ် ၁ နာရီ ဝန်းကျင်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“MI 35 ရဟတ်ယာဉ်ရော တိုက်လေယာဉ်တွေပါလဲဝဲနေတယ်။ ခုထိ လက်နက်ကြီးသံလည်း အဆက် မပြတ်ကြားနေရတယ်။ ဗုံးကြဲလို့ ကျေးရွာအချို့တွေက ရွာခြံစည်းရိုးမီးတွေလောင်နေတယ်၊ လူထိခိုက် မှုတော့မရှိသေးဘူး” ဟု သရက်ပင်ကြီးစုကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ဂွေးပင်ဒေါင့်ကျေးရွာ၊ ပန်းပုကွင်း သရက်ပင်ကြီးစုကျေးရွာများမှာ စုစုပေါင်း အိမ်ခြေ ၄၀၀ကျော်ရှိပြီး သတ်တိကုန်းကျေးရွာရှိ ဒေသခံအများစုမှာလည်း ဘုန်းတော်ကြီးကျောင်းအတွင်း ပိတ်မိနေ ကြောင်း ဒေသခံများထံမှ သိရသည်။

ဧရာဝတီတိုင်းမ်သတင်းဌာန၏ သတင်းရင်းမြစ်ကို နောက်ဆုံး ဆက်သွယ်မေးမြန်းချက်အရ ယနေ့ ည ၇ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။

ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်များတွင် ယခုမတ်လမှ စတင်၍ စစ်မျက်နှာပြင်ကျယ်ပြန့်လာသလို AA နှင့် ပူးပေါင်း PDFတို့၏ ထိုးစစ်ဆင် တိုက်ခိုက်လာမှုကြောင့် စစ်ကောင်စီတပ်အနေဖြင့် ခံစစ်ပြင်ကာ ခုခံကာကွယ် နေရကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *