မြောက်ဒဂုံ ပင်လုံခန်းမအနီး ဗုံးဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ပင်လုံခန်းမအနီးတွင် ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက် ၅ နာရီခန့်က မြောက်ဒဂုံမြို့နယ်၊ ၄၃ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမပေါ်ရှိ ပင်လုံခန်းမရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနေ့က မနက် ၅ နာရီလောက်မှာ ပေါက်ကွဲသံကြားရတယ်။ နောက်မှ ပင်လုံခန်းမရဲ့ အရှေ့မှာ ပေါက်ကွဲမှုဖြစ်တယ်ဆိုပြီး သိရတာ။ အုတ်တံတိုင်းနားမှာ ပေါက်တာ” ဟု မြောက်ဒဂုံဒေသခံတဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တခုဖြစ်သည့် Dark Shadow အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် အတည်ပြုထားသည်။

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် စေလွှတ်ခံရပြီး လုပ်ငန်းခွင်သို့ မရောက်ရှိဘဲ ဒုက္ခရောက်နေသည့် အလုပ်သမားများ၏ တိုင်ကြားမှုကြောင့် ယခုတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု Dark Shadow အဖွဲ့က ဖော်ပြထားသည်။

ပင်လုံခန်းမသည် MOU စနစ်ကို ခုတုံးလုပ်၍ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအား ဖိနှိပ်မှုများပြုလုပ်နေသည့် နေရာတခုဖြစ်ကြောင်း ဆိုထားသည်။

ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်းအနည်းငယ် ပျက်စီးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဒေသခံများက ဆိုသည်။

“ပေါက်ကွဲမှုဖြစ်ပြီးတော့ ရဲနဲ့ စစ်သားတွေက မြို့နယ်ထဲ ကားတွေနဲ့ ပတ်နေတာတော့ ရှိပေမယ့် ဖမ်းဆီးခံရတာမျိုးတော့ မကြားမိသေးဘူး” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ပင်လုံခန်းမသည် ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအတွက် စာမေးပွဲဖြေဆိုရန် ဖောင်တင်ခြင်း၊ ပြည်ပအလုပ်သမားသက်သေခံကတ်ထုတ်ပေးခြင်းစသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသည့် နေရာတခု ဖြစ်သည်။

မန္တလေးမြို့တွင် စစ်ကောင်စီဘန်ကာ ဗုံးပစ်တိုက်ခိုက်ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၂ လမ်း၊ ၂၀ လမ်း၊ မေဃဂီရိရပ်ကွက်၊ တဝဂူဓမ္မာရုံအနီးရှိ စစ်ကောင်စီ၏ လုံခြုံရေးဘန်ကာတစ်ခု ဗုံးပစ်တိုက်ခိုက်ခံရမှု ယနေ့ (မတ်လ ၂၇ ရက်) နံနက် ၇ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ နန်းမြို့အတွင်း၌ ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) အခမ်းအနားပြုလုပ်နေချိန် မန္တလေးမြို့တွင် လုံခြုံရေးအဆင့်မြှင့်တင်ထားသည့်ကြားမှ ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဗုံးက သဲအိတ်ဘန်ကာတွေအနီးမှာ ပေါက်ကွဲတာပါ။ ထိခိုက်တာတော့ မတွေ့ရဘူး။ ဘန်ကာထဲမှာ လူနှစ်ယောက်ရှိတယ်။ ပြန်ပစ်သံလည်း မကြားရဘူး။ ပေါက်မှပဲ ဗုံးနဲ့ပစ်တာလို့ သိရတာ” ဟု မြို့ခံတဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် အနီးပတ်ဝန်းကျင်နှင့် လမ်းသွားလမ်းလာများကို စစ်ကောင်စီက စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၂၀ လမ်းနှင့် ၁၈ လမ်းတလျှောက် CCTV တပ်ဆင်ထားသည့် နေရာများကို အဓိကထား စစ်ဆေးနေကြောင်း သိရသည်။

လက်ရှိအချိန်ထိ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကို အတည်မပြုနိုင်သေးပေ။

လတ်တလောတွင် မန္တလေးမြို့တွင်း လမ်းဆုံလမ်းခွများ၊ လူစည်ကားရာနေရာများတွင် စစ်ကောင်စီက အင်အားအများအပြားဖြန့်ကြက်ထားပြီး လမ်းသွားလမ်းလာများ၏ ဆိုင်ကယ်တူးဘောက်များကို ဖွင့်လှစ်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *