စစ်ရှုံး၍ မူလနေရာကပျောက်ကွယ်သွားခဲ့သော တိုင်းစစ်ဌာနချုပ်နှစ်ခုဖြစ်သော်လည်း ယမန်နေ့ကပြုလုပ်သော တပ်မတော်နေ့အခမ်းအနားတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တို့၏ စစ်ရေးပြတပ်ခွဲများပါဝင်ခဲ့သည်ဟု စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်တွင်မတ်လ ၂၇ ရက်​​နေ့က ကျင်းပသော နှစ် (၈၀) ပြည့် အခမ်းအနား၌ နပခနှင့် ရမခ ကိုယ်စားပြု စစ်ရေးပြတပ်ခွဲများ ကျန်စစ်သားနှင့် ဗန္ဓုလစစ်ကြောင်းများထဲတွင် ပါဝင်ခဲ့ကြသည်။

အာရက္ခတပ်တော် (AA)၏ တရှိန်ထိုးထိုးစစ်အောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲတွင် နပခ ကျသွားခဲ့ပြီး ရမခမှာမူ ၂၀၂၄ ခုနှစ် ဩဂုတ်လကတည်းက မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ၏ သိမ်းပိုက်ခြင်းခံခဲ့ရသည်။

လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေအသက်ဝင်ပြီးတနှစ်ကျော်အကြာ အကျိုးဆက်အဖြစ် ယခုနှစ်စစ်ရေးပြတွင် ပါဝင်ချီတက်သောအင်အား ပြန်လည်များပြားလာခဲ့သည်။ အမျိုးသမီးများအပါအဝင် စုစုပေါင်းစစ်သည် ၈၀၀၀ နီးပါးချီတက်ခဲ့ရာ အာဏာသိမ်းပြီးနောက်ပိုင်း ပြုလုပ်သော စစ်ရေးပြအခမ်းအနားများ၏ ပုံမှန်အရေအတွက်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

ယခင်နှစ်ကတော့ ထက်ဝက်နီးပါးလျော့ကျသွားပြီး “တပ်ပေါင်းစု” အင်အားအရေအတွက်ကိုပင် စစ်ကောင်စီက ကြေညာခြင်းမပြုဘဲထိန်ချန်ခဲ့သည်။

သို့သော် ရေတပ် အထူးစစ်ဆင်ရေးတပ်ဖွဲ့(Navy SEALs)နှင့် အတွဲလိုက်ပစ်ဒုံး (MLRS) များအပါအဝင် ယန္တရားတပ်ဖွဲ့၊ ကြည်းတပ် ယန္တရားတပ်ဖွဲ့များကို ထည့်သွင်းပြသနိုင်ခြင်းမရှိသည်မှာ နှစ်နှစ်ဆက်တိုက်ဖြစ်သည်။

စစ်ကောင်စီလေတပ်က ထုတ်လုပ်သည်ဆိုသော စစ်တပ်သုံးကင်းထောက်စစ်လေယာဉ် MTX-1A ကို စစ်ရေးပြတွင် ထဲ့သွင်းပြသသွားသည့်အပြင် ယမန်နှစ်တနှစ်တည်းတွင်ပင် လူပေါင်း ၄၀၀၀ နီးပါးသေဆုံးနှင့်ဒဏ်ရာရစေခဲ့သော လေကြောင်းတိုက်ခိုက်မှုအကြိမ် ၂၄၀၀ နီးပါးလုပ်ခဲ့သည့် လေတပ်၏ တိုက်လေယာဉ်အမျိုးစုံပျံသန်းမှုကို ထဲ့သွင်းသွားခဲ့သည်။

အခမ်းအနားတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ပွဲဆက်လက်ဆင်နွှဲသွားမည်ဟု ပြောဆိုလိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့အနေဖြင့် လက်နက်ကိုင်လမ်းစဉ်စွန့်ကာ ရွေးကောက်ပွဲကိုထောက်ခံရန်ထဲ့သွင်းပြောသွားသည်။

ကိုးကန့်တပ် (MNDAA)က သိမ်းပိုက်ခဲ့သည့် ရှမ်းပြည်နယ်လားရှိုးမြို့အခြေစိုက် ရမခ ကို ဖွဲ့စည်းပုံအင်အား စတိသဘောဖြင့် မိုင်းရယ်တွင် ပြန်ဖွဲ့စည်းထားသည်။

သို့သော် အာရက္ခတပ်တော် (AA) က သိမ်းသွားခဲ့သော ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် နပခကိုမူ ဟန်ပြပင် ပြန်လည်ဖွဲ့စည်းနိုင်ခြင်းမရှိသေးပါ။


Leave a Reply

Your email address will not be published. Required fields are marked *