နေပြည်တော်နယ်မြေအတွင်း ဝန်ထမ်းအိမ်ရာများတည်ရှိရာ ဇမ္ဗူသီရိမြို့နယ်၌ ယမန်နေ့ (မတ် လ ၂၈ ရက်) မွန်းလွဲပိုင်းက လှုပ်ခတ်သွားသည့် အင်အားကြီးငလျင်ကြောင့် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်အထိ သေဆုံးသူ ရုပ်အလောင်း ၂၀၄ လောင်းရရှိထားပြီဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံ မှ သိရသည်။
ထို့အတူ ကယ်ထုတ်၍ မရသေးသူများလည်း ကျန်ရှိနေသေးကြောင်း ဆိုသည်။
“ဇဗ္ဗူသီရိထဲမှာတင် အဲဒီလောက်ရှိပြီ။ ဝန်ထမ်းအိမ်ရာတွေကလည်း များပါတယ်။ တိုက်အောက်တွေမှာ ပိ နေတာတွေ ဒီမနက်မှထုတ်ရတော့ အလောင်းတွေပဲရတော့တာ။ အခု တဖြည်းဖြည်းလုပ်နေကြရတုန်းပဲ” ဟု ဇမ္ဗူသီရိမြို့နယ်အတွင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူက ပြောသည်။

ထို့အတူ နေပြည်တော်နယ်မြေအတွင်းရှိဆေးရုံများ၌လည်း ထိခိုက်လူနာ အများအပြားရောက်ရှိနေပြီး ဆေးကုသရေး မနိုင်မနင်းဖြစ်နေကြောင်း သိရသည်။
“ဆရာမတွေလည်း ပင်ပန်းတာပေါ့။ နိုင်လားဆိုတော့လည်း ရတဲ့အားနဲ့ ရှိတဲ့ဆေးနဲ့ပဲပေါ့။ လောက်ငမှုက တော့ မရှိဘူးပေါ့ဗျာ။ တော်တော်ကို စိတ်မကောင်းစရာပါ” ဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသူက ပြောသည်။
ယမန်နေ့က လှုပ်ခတ်သွားသည့်ငလျင်ကြောင့် နေပြည်တော်၌ ဝန်ကြီးဌာန အဆောက်အဦများ၊ ရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ လွှတ်တော်၊ အိမ်တော်အဆောက်အဦများ ထိခိုက်ပျက်စီးမှုများပြားခဲ့သည်။
ဇမ္ဗူသီရိ မြို့နယ်၊ ဘူးကွဲဘက်ရှိ ဝန်ထမ်းအိမ်ရာတိုက်အမှတ် ၃,၀၀၀ ကျော်နှင့် ၄,၀၀၀ ကျော်တို့တွင် ထိခိုက်ပျက် စီးမှုများပြားပြီး မြေညီထပ်တခုလုံး ပြိုကျပျက်စီးခဲ့သည့်တိုက် အနည်းဆုံး ၁၀ လုံးကျော်ရှိကြောင်း သိရ သည်။

ထို့အတူ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၌လည်း နေအိမ်များ၊ စျေးဆိုင်အဆောက်အဦများ ပြိုကျပျက်စီးမှုရှိခဲ့သည်။ ဇမ္ဗူသီရမြို့နယ်သာမက နေပြည်တော်နယ်မြေအတွင်းရှိ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ပျဥ်းမနား၊ တပ်ကုန်း၊ လယ်ဝေးမြိုနယ်တို့၌လည်း ငလျင်ဒဏ်ကိုပြင်းထန်စွာခံစားခဲ့ကြရ ကြောင်း ဒေသခံများထံမှသိရသည်။ နေပြည်တော် အေလာမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေ ကြောင်းထိန်းသိမ်းရေးတာဝါ ငလျင်ကြောင့်ပြိုကျကာ တာဝန်ကျဝန်ထမ်းများ သေဆုံးခဲ့ရသည်။
မြန်မာနိုင်ငံအလယ်ပိုင်း ၊ စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ရေချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ Major Earthquake (ငလျင်ကြီး) မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ ထို့နောက် နောက်ဆက်တွဲငလျင်များထပ်မံလှုပ်ခတ်ရာ နေပြည်တော်နယ်မြေအတွင်းရှိ မြို့နယ်များ၌လည်း ၂၄ နာရီ ခန့်အတွင်း ငလျင် ၁၂ ကြိမ်လှုပ်ခတ်သွားကြောင်း ငလျင်သတင်းအချက်အလက်များ ဖော်ပြပေးနေသည့် USGS Website ၏ ဖော်ပြချက်အရသိရသည်။
စစ်ကောင်စီမှ နောက်ဆုံးထုတ်ပြန်ထားသော စာရင်းများအရ တနိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဒဏ် သင့်ဒေသအားလုံး၌ သေဆုံးခဲ့ရသူ ၁၀၀၂ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂၃၇၆ ဦး၊ ပျောက်ဆုံးနေသူ ၃၀ ဦး ဖြစ်ကြောင်းနှင့် အသေးစိတ်စာရင်းများအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ငလျင်နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်သူများနှင့်အတူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားပြီး အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန် NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က အသိပေးထားသည်။
ပုံအညွှန်း − နေပြည်တော်နယ်မြေ ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများ မတ်လ ၂၈ ရက်မွန်းလွဲပိုင်းကလှုပ်ခတ်သွားသည့် ငလျင်ကြောင့် ပြိုကျပျက်စီးကာ လူထိခိုက်သေဆုံးမှုများခဲ့သည်။ ယနေ့ (မတ်လ ၂၉ ရက်) မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်အထိ သေဆုံးသူ ရုပ်အလောင်း ၂၀၄ လောင်း ရရှိထားပြီ ကယ်ဆယ်ရေးလုပ်ဆောင်နေသူများကပြောသည်။ ဓာတ်ပုံ − CJ


Leave a Reply