သုခဒိုင်းမွန်းစိန်တိုက် မိသားစုဝင်များ ပိတ်မိနေသည့် Sky Villa Condo မှ အသံတွေကြားရဟု ပြော

မန္တလေးမြို့၊ အောင်မြေသာစံ၊ လမ်း ၆၀ရှိ Sky Villa Condo ပြိုကျမှုတွင် ပိတ်မိနေသည့် သုခဒိုင်းမွန်းစိန်တိုက် မိသားစုဝင်များ နေထိုင်သည့် လေးလွှာတိုက်မှ အသံများကြားခဲ့ရသည်ဟု အဆိုပါကွန်ဒိုတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးမှ ယနေ့ (မတ်လ ၂၉ ရက်)ညနေ ၅ နာရီဝန်းကျင်က ပြောသည်။

သုခဒိုင်းမွန်းစိန်တိုက် မိသားစုဝင် လေးဦးနှင့် အိမ်အကူ သုံးဦး ပိတ်မိနေခဲ့ကြပြီး ယနေ့ ညနေပိုင်းတွင် ကယ်ဆယ်ရေးများမှ ငါးလွှာကို စတင်ဝင်ရောက်ကယ်ဆယ်သည့်အခါ ၎င်းတို့ပိတ်မိနေသည့် တိုက်မှအသံများ ကြားခဲ့ရခြင်းဖြစ်ပြီး တချို့တဝက် အသက်ရှင်နိုင်သည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောသည်။

“ မနက်ခင်းက အထိတော့ ကျွန်တော်တို့က အခြေအနေက ဘာမှ မထူးပါဘူး။ အခု ညနေပိုင်းလေးကပဲ ကယ်ဆယ်ရေးတွေက ငါးလွှာကို စပြီးဝင်တဲ့အချိန်မှာ လေးလွှာက အသံတွေကြားတယ်ပေါ့နော်။ အသက်ရှင်နိုင်ခြေလမ်းကြောင်းတော့ များတယ်။ ရေတောင်းသောက်တာတွေလည်း ရှိတယ်ပေါ့နော်။ အဲ့တော့ အားလုံး မဟုတ်တာတောင်မှ တချို့တဝက်ကတော့ အသက်ရှင်နိုင်ချေရှိတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”ဟု ၎င်းက ပြောသည်။

Sky Villa Condo သည် လေးလုံးတွဲဖြစ်ပြီး Part- 1,2,3,4ဟု ခေါ်ဆိုကာ ယခုပြိုကျနစ်ဝင်သွားသည်မှာ Part 2,3,4 ဖြစ်ပြီး Part 1တွင် ငါးထပ်လောက်အောက်ကို ပြိုကျခဲ့ပြီး ခြောက်ထပ် အပေါ်တွင် တင်ကျန်နေကြောင်း သိရသည်။

အဆိုပါရပ်ကွက် ဧည့်စာရင်းအချက်အလက်များအရ Sky Villa Condo တွင် နေထိုင်သူ ၂၀၀ ကျော်ရှိပြီး လက်ရှိတွင် အဆိုပါကွန်ဒိုမှ လူအယောက် ၃၀ ကျော်အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကာ သေဆုံး ကိုးဦးအထိ ရှိနေသည်ဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသူမှ ဆက်လက်ပြောပြသည်။

“ မနက်ခင်းမိုးလင်းကတည်းက အထဲကနေ ကယ်ပါဆိုတဲ့အသံတွေ ကြားနေရပါတယ်။ ဒါပေမယ့် ထရံတွေပြိုတာမဟုတ်ဘဲ ကွန်ဒိုကြီးပြိုတာဆိုတော့ ကျွန်တော်တို့လည်း မပြီး ရွေ့လို့လည်း မရဘူးလေ။ အဲ့လိုဆိုပေမယ့် ကယ်ဆယ်ရေးသမားတွေနဲ့ မီးသတ်တွေလည်း တကယ်တော်ပါတယ် ။ တွားသွားမှောက်ခုံ ဝပ်သွားတယ်၊ သူတို့ကိုရေတိုက်တယ် ၊အဆက်အသွယ်တွေလုပ်တယ်ပေါ့နော်”ဟု ၎င်းက ပြောသည်။

လက်တလောတွင် ရန်ကုန်၊ မိတ္ထီလာ၊ ပြင်ဦးလွင်မှ ရောက်ရှိလာကြသည့် ပရဟိတအဖွဲ့များ၊ မီးသတ်နှင့် ဒေသခံပြည်သူများက ကူညီကယ်ဆယ်ပေးနေကြပြီး လူဦးရေ ၂၀၀ ဝန်းကျင်ခန့် ကူညီလုပ်အားပေးနေကြသည်ဟု သိရသည်။

ယမန်နေ့ မွန်းလွဲပိုင်းက လှုပ်ခတ်သွားသည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားကြီးငလျင်သည် စစ်ကိုင်းပြတ်ရွေ့ကြော၏ အင်းဝအပိုင်းမှ စစ်ကိုင်းမြို့အနီးသို့ ဦးတည်လှုပ်ခတ်သွားခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများပြားသည်။

ငလျင်နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်သူများနှင့်အတူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားပြီး အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန် NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က အသိပေးထားသည်။

ငလျင်ကြောင့် မန္တလေး Sky Villa Condo ပြိုကျပြီးနောက် အတွင်းမှအော်သံများ


Leave a Reply

Your email address will not be published. Required fields are marked *