စိုးဝင်းက အစိမ်းရောင်တာလပတ်ကာ အစည်းအဝေးလုပ်ရ

နေပြည်တော် သမ္မတအိမ်တော်၊ စစ်ရုံးနှင့် ဝန်ကြီးဌာနရုံးများ ပြိုကျပျက်စီးသဖြင့် မင်းအောင်လှိုင်၊ စိုးဝင်းနှင့် ဝန်ကြီးများ ဖြစ်သလို အစည်းအဝေးလုပ်နေရပြီး စိုးဝင်းက အစိမ်းရောင်တာလပတ်ကာ အစည်းအဝေးလုပ်ရ

နေပြည်တော် သမ္မတအိမ်တော်၊ စစ်ရုံးနှင့် ဝန်ကြီးဌာနရုံးများ ပြိုကျပျက်စီးသဖြင့် မင်းအောင်လှိုင်၊ စိုးဝင်းနှင့် ဝန်ကြီးများ ဖြစ်သလို အစည်းအဝေးလုပ်နေရပြီး စိုးဝင်းက အစိမ်းရောင်တာလပတ်ကာ အစည်းအဝေးလုပ်နေရသည်။

မတ်လ ၂၉ ရက်နေ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို အကြမ်း ဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်ဟုဆိုကာ အစိမ်းရောင် တာလပတ်ကာထားသော အဆောက်အအုံအောက်တွင် ပြုလုပ်ခဲ့ရသည်။

မတ်လ ၃၀ ရက်နေ့ စစ်ကောင်စီ ခေါင်းဆောင် အကြမ်းဖက် မင်းအောင်လှိုင်က ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားနိုင်ရေး အထူးအစည်းအဝေးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဧည့်ခန်းခန်းမဆောင်တွင် ကျင်းပသည်ဟုဆိုကာ ဧည့်ခန်း ကျဉ်းကျဉ်းလေးတစ်ခုတွင် ပြုလုပ်ခဲ့ရသည်။

ထို့အတူ မတ်လ ၃၀ ရက်နေ့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူး အရေးပေါ်အစည်းအဝေးသို့ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ တက်ရောက်ခဲ့ရာတွင် ပြိုကျနေသော နိုင်ငံခြားရေးဝန်ကြီးရုံးကို နောက်ခံထား၍ ရုံးအပြင်မှ တက်ရောက်ခဲ့ရသည်။

နေပြည်တော်တွင် မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် အပျက်အစီးများ စွာ ဖြစ်ပေါ်ခဲ့ရာတွင် အထူးသဖြင့် သမ္မတအိမ်တော်၊ စစ်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနရုံးများစွာ ပျက်စီးခဲ့ရပြီး ဝန်ထမ်းအိမ်ရာများအားလုံးမှာလည်း နေထိုင်၍ မရတော့သည်အထိ ပြိုကျပျက်စီးသွားရသည်။

စစ်ကောင်စီက နေပြည်တော်မှ အပျက်အစီးများကို ဦးစားပေး၍ ဖယ်ရှားပြီး ဌာနဆိုင်ရာရုံးများ၊ စစ်ရုံးများနှင့် ၎င်းတို့ နေအိမ်များကို ချက်ချင်း ပြင်ဆင်မှုများကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုခဲ့ပြီးဖြစ်သည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *