အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်မှစတင်ကာ ယနေ့ (မတ် လ ၃၁ ရက်)အထိ မြို့နယ်ခုနစ်ခုတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာဒေသအဖွဲ့အစည်းများထံမှ သိရသည်။
“ရဟတ်ယာဉ်သံကြားတော့ ငလျင်အတွက် ကယ်ဆယ်ရေးတွေ လာတယ်ပေါ့၊ ဘယ်ဟုတ်မတုန်း ရွာကို ဗုံးကြဲသွားတာ” ဟု မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာမှ ဒေသခံက ပြောသည်။
ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရွာထိပ် EPC ရုံးအနီးကို စစ်ကောင်စီ က လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်ခန့်လုပ်ဆောင်သွားပြီး ထိခိုက်မှုမရှိသော်လည်း ရွာခံများ ထိတ်လန့် နေကြကြောင်း ဒေသခံကပြောသည်။
“ပစ်ခတ်နေတာက အရင်ကတည်းကပါ၊ လေယာဉ်ကတော့ ဒီနေ့မှ။ ၉ ခွဲလောက်မှ နားသွားတယ်။ ရွာ ကတော့ ပြေးစရာလည်းမရှိကြဘူး။ ထပ်မဖြစ်ဖို့ဘဲ ဆုတောင်းတယ်” ဟု ဒေသခံက ပြောသည်။
အလားတူ ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ရာ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို စစ်ကောင်စီတပ်က ၁၂၀ မမ ဗုံးသီးသယ်ဆောင် လာသည့်ဒရုန်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA က ထုတ်ပြန်သည်။
မတ်လ ၃၀ ရက် နံနက် ၁၁ နာရီကျော်ခန့်ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်ခဲ့၍ ရွာမီးလောင်ခဲ့ကြောင်းသိရသည်။ မြေပြင်စစ်ကြောင်းရှိ မည်ကိုစိုးရိမ်သဖြင့် ရွာကိုပြန်မကြည့်ရဲသေးကြောင်းနှင့် ပျက်စီးမှုမည်မျှရှိသည်ကို မသိနိုင်သေးကြောင်း ဒေသခံကဆိုသည်။
“သူတို့က မပြန်ကြသေးဘူးထင်တယ်။ ပြန်လည်းမကြည့်ရဲသေးဘူး၊ အသတ်ခံရမှာစိုးလို့။ မီးလောင်တာ ကိုတော့ ဒီကနေ မီးခိုးတွေမြင်နေရတယ်။ မီးရှို့လို့လောင်တာလား လေယာဉ်ဗုံးကြောင့် လောင်တာလား တော့မသိဘူး မီးခိုးတွေတော့ တွေ့တယ်” ဟု ရွာသစ်ကုန်းဒေသခံက ပြောသည်။
ရွာသစ်ကုန်းကျေးရွာတွင် မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ဖြူစင်မေတ္တာမိဘမဲ့ ကျောင်းအဆောက်အအုံပြိုကျပြီး မိဘမဲ့ကလေးခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ယင်းအနက် အသက်ကိုး နှစ်အရွယ် မိန်းကလေးငယ်တဦးသည် ပြင်းထန်ဒဏ်ရာဖြင့် မတ်လ ၂၉ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း သိရသည်။ အဆောက်အအုံပြိုကျကာ နေစရာနေရာမရှိသဖြင့် အရိပ်ရသည့် တောထဲတွင် နေထိုင်နေရင်း မတ်လ ၃၀ ရက်နေ့တွင် ဗုံးလာကြဲသွားခြင်းဖြစ်ကြောင်း ဆိုသည်။
အလားတူ မတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ဗန်းမော်မြို့ကို ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် လိုင်ဇာမြို့အနီးသို့ အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အလားတူပင် မတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်၌ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ တော်ခူကျေးရွာ ကို ပေါင် ၅၀၀ နှင့် ပေါင် ၃၀၀ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံထံမှ သိရသည်။
စစ်ကောင်စီသည် ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်ကလည်း ရှမ်း ပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် သုံးလုံး စာသင်ကျောင်းနှစ်ကျောင်း ပျက်စီးသွားကြောင်း PSLF/TNLA က ထုတ်ပြန်ထားသည်။
ယင်းမတ်လ ၂၈ ရက် ည ၇ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် နွယ်ခွေကျေးရွာ ကိုလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာည့် စက်တပ်လေထီးဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက် ခိုက်သွားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူထံမှ သိရသည်။
ငလျင်ဒဏ်ကြောင့် မန္တလေးတံတားဦးလေဆိပ်ပျက်စီးခဲ့သဖြင့် ယင်းလေဆိပ်မှလွဲ၍ မကွေးလေတပ်၊ မိတ္ထီလာလေတပ်မှ လေယာဉ်များသည် ပုံမှန်အတိုင်းလေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင် နေဆဲဖြစ်ကြောင်း စစ်ကောင်စီ၏လေကြောင်းပျံသန်းမှုကိုစောင့်ကြည့်နေသည့် NAS-နပ်စ်လေကြောင်း ရန်အဖွဲ့က ပြောသည်။
“တတဥ(တံတားဦးလေဆိပ်) တခုကပဲ မတက်တော့တာပါ၊ နည်းတာကလည်း တံတားဦးက အထိအခိုက် များထားလို့ဖြစ်ပါမယ်။ တခြားလေတပ်တွေက အရင်အတိုင်းပါပဲ။ မကွေးကတော့ ဒီနေ့ အကြိမ်ကြိမ် တက်ပြီး စလင်းဖက်ကိုကြဲနေတာပါ။ မိတ္ထီလာကနေတက်ပြီး ဗန်းမော်၊ နောင်ချိုကိုလည်း AS နေပါတယ်။ မနေ့က ဖလမ်းကိုလည်း ခဲယမ်းရိက္ခာချပါတယ်။ လေတပ်နှစ်ခုပေါင်း(မကွေးနှင့်မိတ္ထီလာ) တရက် ပျှမ်းမျှ လေကြောင်းတိုက်ခိုက်မှုလုပ်တဲ့ကောင်ရယ် Test Flight (စမ်းသက်မောင်းနှင်လေကျင့်ရေး)ကောင်ရယ် တက်ဆင်း တရက်ကို အကြိမ် ၂၀ ကျော်လောက် ရှိမယ်ဗျ” ဟု NAS တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြော သည်။
တံတားဦးလေတပ်မှာမူ ငလျင်ကြောင့် တောင်ဘက်ပြေးလမ်း အနည်းငယ်ထိခိုက်ခဲ့သဖြင့် လက်ရှိတွင် ပြန်လည်ပြင်ဆင်နေဆဲဖြစ်ပြီး လေယာဉ်အတက်အဆင်း မရှိသေးကြောင်း ဆိုသည်။
စစ်ကောင်စီ၏ လေယာဉ်များသည် ငလျင်ဘေးသင့်သူများအတွက် ကူညီကယ်ဆယ်ရာတွင် အသုံးချခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်မှုကိုသာ ဆက်တိုက်လုပ်ဆောင်နေသဖြင့် ပြည်သူများမှဝေဖန်နေကြသည်။
ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားခြင်းအားဖြင့် မတ်လ ၃၀ ရက်မှ ဧပြီ ၁၂ ရက်အထိထိုးစစ်ရပ်တန့်ထားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မတ်လ ၂၉ ရက်နေ့ ကထုတ်ပြန်ထားသည်။ သို့သော် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများမှာ ရပ်တန့်ခြင်းမရှိပေ။
မတ်လ ၂၈ ရက်နေ့က မန္တလေးနှင့် စစ်ကိုင်းမြို့အနီးဗဟိုပြုခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားကြီးငလျင်ကြောင့် မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းကိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့ တွင် ထိခိုက်ပျက်စီးမှုမှု များပြားခဲ့သည်။ ယနေ့နံနက်ပိုင်းထိ မဇ္ဈိမကပြုစုထားသည့်စာရင်းအရ ငလျင် ကြောင့် သေဆုံးသူ ၃,၁၁၁ ဦး၊ ဒဏ်ရာရရှိသူ ၃,၂၉၄ ဦးရှိပြီး စစ်ကောင်စီမှ မတ်လ ၃၀ ရက်ညပိုင်း ထုတ် ပြန်ချက်တွင် သေဆုံးသူ ၁,၇၀၀ ဦးနှင့် ဒဏ်ရာရသူ ၃,၄၀၀ ရှိကြောင်း ဖော်ပြထားသည်။
ငလျင်ကြောင့် အသက်ဆုံးရှုံးရမှုများနှင့် ပျက်စီးဆုံးရှုံးရမှုများအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မတ်လ ၃၁ ရက်မှ ဧပြီလ ၆ ရက်ထိ ခုနစ်ရက်သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ က ယနေ့ ထုတ်ပြန်ကြေညာထားသည်။







ပုံအညွှန်း- စစ်ခေါင်းဆောင်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် တပ်မတော်(လေ) ၏ ဖွဲ့စည်းတည်ထောင်မှု (၇၅) နှစ်မြောက်နေ့တွင် တွေ့ရစဉ်။
ပုံအညွှန်း- မတ်လ ၂၈ ရက် နောင်ချိုလေကြောင်းတိုက်ခိုက်ခံရမှု နှင့် မတ်လ ၃၀ ရက် ဖရူဆို လေကြာင်းတိုက်ခိုက်ခံရမှု။


Leave a Reply