ငလျင်ကြောင့် နေပြည်တော် စစ်ရုံးချုပ်အပါအဝင် အမှတ် ၈ အဆောင်၊ ခလရ ၈၅၊ ခမရ ၃၀၂၊ အမှတ် ၃ စစ်ကြောရေးနှင့် တည်းခိုရေး (ရွာတော်)နှင့် သဲဖြူအခြေစိုက် စရခ ၆ တပ်တို့၌ ပြိုကျပျက်စီးမှုများရှိခဲ့ပြီး စစ်သည် မိသားစု ၁၀၀ခန့် သေဆုံးသော်လည်း သတင်းအမှောင်ချထားကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
“နေပြည်တော် တပ်နယ်တခုလုံးဆိုရင် စစ်သည်၊ မိသားစု ၁၀၀ ဝန်းကျင်လောက် သေဆုံး တယ်။ ခလရ ၈၅၊ ခမရ ၃၀၂ သေဆုံးမှုတွေရှိတယ်။ ပျက်စီးမှုလည်း အများဆုံးပဲ။ စစ်ရုံးထဲမှာတင် ပျက်စီးဆုံးရှုံးမှုက ၅၀ ရာခိုင်နှုန်း လို့ မှန်းပါတယ်။ စစ်ရုံးထဲတော့ ဓာတ်ပုံမှတ်တမ်းရဖို့တော့ ကြိုးစားနေတုန်းပဲ။ ဝင်ဖို့ တော်တော်ခက်တယ်။ လုံခြုံရေး တပ်ရင်းတွေတောင်မှ စိစစ်တဲ့တပ်ရင်းတွေပဲ ဝင်ရတာဆိုတော့ သတင်းကို အမှောင်ချထားတာပေါ့” ဟု ၎င်းကပြောသည်။
နေပြည်တော် တပ်နယ်အခြေစိုက် ခမရ ၃၀၃ တပ်ရင်းအတွင်း သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရသူ ၂၇ ဦးခန့်ရှိပြီး အခြားတပ် ရင်းတခုဖြစ်သော ခမရ ၃၀၅ အတွင်း၌လည်း အုပ်ချုပ်မှုနှင့် လူနေအဆောက်အဦများ ပြိုကျပျက်စီးခဲ့ရကြောင်းလည်း သိရ သည်။
ငလျင်အတွက် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ငလျင်ဘေးသင့်သူများ ကယ် ဆယ်ရေးဆိုင်ရာအစည်းအဝေးတခုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပျက်စီး သွား၍ ယင်းအဆောက်အုံရှေ့၌ တာလပတ်များမိုး၍ ပြုလုပ်ခဲ့သည်ကို စစ်ကောင်စီက ပုံများနှင့်တကွ ဖော်ပြထားသည်။
နေပြည်တော်အခြေစိုက် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်တဦးကလည်း စစ်ဘက်နှင့်အစိုးရ ဌာနဆိုင်ရာ ရုံးများထိခိုက်ပျက်စီးမှုရှိသော်လည်း စစ်တပ်နှင့်ဌာနဆိုင်ရာအဖွဲ့များသာ ဝင်ရောက်ကာ ရှာဖွေကယ်ဆယ်ရေး များ လုပ်လျှက်ရှိပြီး ပြင်ပအဖွဲ့များအနေဖြင့် ဝင်ရောက်ခွင့်မရသည့်အတွက် အခြေအနေအသေး စိတ်အား မသိရကြောင်း ဆိုသည်။

လက်ရှိတွင် ငလျင်ကြောင့် အစိုးရဝန်ထမ်းများနေထိုင်ရာ ဇဗ္ဗူသီရိမြို့နယ် တွင် သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးမှုအများဆုံး ဖြစ်ပြီး ပျဉ်းမနားမြို့နယ်မှာ ဒုတိယသေဆုံးထိခိုက်မှု အများဆုံးဖြစ်ကြောင်း အဆိုပါ ကြက်ခြေနီကပြောသည်။
“ဇဗ္ဗူသီရိကတော့ ဝန်ထမ်းမြို့နယ် လေးလွှာတွေဆို ထိခိုက်သေဆုံးမှုဖြစ်တာ ပိုများတယ်။ ပျဉ်းမနားဆို သက်တမ်းလွန် အဆောက်အဦတွေ ပြိုတာများတယ်။ အခုရက်ကလည်း ကြာလာပြီဆိုတော့ ရှာဖွေကယ်ဆယ်ရေးအနေနဲ့ကတော့ အသက်ရှင်နိုင်တဲ့သူက မရှိနိုင်လောက်တော့ဘူး။ အဲဒီတော့ လောလောဆယ် အနေ အထားကတော့ ပြန်လည် ထူထောင်ရေးကိုပဲ ဦးစားပေးလုပ်နေကြရတာပေါ့” ဟု ပြောသည်။
ငလျင်အတွက် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ငလျင်ဘေးသင့်သူများ ကယ် ဆယ်ရေးဆိုင်ရာအစည်းအဝေးတခုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပျက်စီး သွား၍ ယင်းအဆောက်အုံရှေ့၌ တာလပတ်များမိုး၍ ပြုလုပ်ခဲ့သည်ကို စစ်ကောင်စီက ပုံများနှင့်တကွ ဖော်ပြထားသည်။
စစ်ကောင်စီ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးသန်းဆွေ ကိုယ်တိုင်လည်း ဝန်ကြီးရုံး ထိခိုက်ပျက်စီးခဲ့သည့် အတွက် ယမန်နေ့က အွန်လိုင်းကတဆင့် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ပြုလုပ်သည့် အစည်းအဝေး အား ရုံးအပြင်ဘက်၌ ခုံနှင့်စားပွဲချထိုင်၍ တက်ရောက်ခဲ့သည်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ် အဆောက်အဦမှာလည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည့်အတွက် ကြားနားရန်ရှိသည့် အမှု များအား ရွှေ့ ဆိုင်းထားကြောင်းနှင့် ပြည်လည် ကြားနာနိုင်မည့်နေ့ရက် ထပ်မံကြေညာပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု တရားတော်ချုပ်က ယနေ့ ထုတ်ပြန်သည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိ ခရေအိမ်ရာ၊ တိုက်အမှတ် ၂၃၆၇၊ ၂၃၃၅၊ ၂၃၃၆၊ ၁၃၀၇ တို့အပါအဝင် ဝန်ထမ်းအိမ်ရာနှင့် လူနေအိမ်များပြိုကျပျက်စီးခဲ့ပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင် သူများနှင့် ရုပ်အလောင်းများကိုလည်း ရှာဖွေ ဖော်ဆောင်နိုင်ခဲ့ကြောင်းသိရပြီး ဥတ္တရသီရိပြည်သူ့ဆေးရုံကြီးလည်း ပြိုကျပျက်စီးခဲ့ရာ လူသေဆုံးမှုများရှိခဲ့ပြီး အခြားသော ဆေးရုံ တက် လူနာများအားဆေးရုံပြင်ပတွင် ထားရှိကာ ကုသမှုများပြုလုပ်နေရသည့် အခြေအနေဖြစ်သည်။
မန္တလေးနှင့် စစ်ကိုင်းမြို့အနီး ဗဟိုပြု၍ ရစ်ချ်တာစကေး ၇ ဒသမ ၇ အင်အားရှိ ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနှင့် နေပြည်တော်ကောင်စီနယ်မြေ တို့တွင် ထိခိုက် မှုများရှိခဲ့ပြီး လတ်တလော စာရင်းကောက်ယူမှုများအရ စုစုပေါင်းသေဆုံးသူ ၁၇၀၀ ကျော် ရှိနေပြီဖြစ်ပြီး ပျောက်ဆုံးသူ ၃၀၀ ကျော်နှင့် ဒဏ်ရာရသူ ၃၂၀၀ ကျော်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။


Leave a Reply