ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် လက်နက်အပြည့်အစုံဖြင့် ငလျင်ဘေးသင့်ပြည်သူများအတွက် မြို့မစျေးရှေ့၌ အလှူခံနေစဥ် တအာင်းတပ် (TNLA) မှ လုံခြုံရေးအတွက် သွားရောက်တားမြစ်ရာ ခိုက်ရန်ဖြစ်ပွားကြပြီး TNLA ရဲတပ်ဖွဲ့ဝင်သုံးဦး ခေါင်းကွဲသွားသည် ဟု ကွတ်ခိုင်ဒေသခံများထံမှ သိရသည်။
ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၁၁ နာရီအချိန်ခန့်တွင် အင်အား ရာနှင့်ချီသော ကိုးကန့်တပ်သားများသည် ကွတ်ခိုင်မြို့မစျေးရှေ့၌ ငလျင်ဘေးသင့်သူများအတွက် အလှူခံကြစဥ် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
“ကိုးကန့်က အင်အားက ရာနဲ့ချီတာ လက်နက်တွေ၊ ယူနီဖောင်းတွေနဲ့။ ဒါကမသင့်တော်ဘူးဆိုတာ အလှူခံချင်ရင် အရပ်ဝတ်နဲ့လုပ်ပေါ့။ အခုက လက်နက်အပြည့်အစုံ ယူနီဖောင်းနဲ့ ကားကြီး ကားငယ်နဲ့ လမ်းပေါ်မှာကျ လေကြောင်းရန် စိုးရိမ်ရတယ်။ ငလျင်လှုပ်လည်း လေကြောင်းကကြဲနေတာပဲဆိုတော့။ မြို့ကလူတွေလည်းအရမ်းလန့်သွားတာပေါ့။ လုံခြုံရေးလေကွာ” ဟု ကွတ်ခိုင်မြို့ဒေသခံကပြောသည်။
အဆိုပါ ကိုးကန့်တပ်သား အင်အားအများအပြားသည် ၎င်းတို့ထိန်းချုပ်ရာ ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့ဘက်မှ မြို့ပေါ်သို့ လာရောက်အလှူခံခြင်းဟု ကွတ်ခိုင်ဒေသခံကပြောသည်။ ထိုသို့ခိုက်ရန်ဖြစ်ပွားပြီးနောက် နှစ်ဖက်တာဝန်ရှိသူများသည် ညှိနှိုင်းနေကြကြောင်း ဒေသခံကပြောသည်။
ကွတ်ခိုင်မြို့၌ မြို့ပေါ်ကို TNLA က ထိန်းချုပ်ကာ အုပ်ချုပ်ရေးလည်ပတ်နေခြင်းဖြစ်သည်။ ထို့နောက် မြို့နယ်အတွင်းပါဝင်သည့် တာမိုးညဲမြို့ကို MNDAA မှ သိမ်းပိုက်ထားပြီး နမ့်ဖက်ကာဒေသကို ကချင်လွတ်လပ်ရေးတပ် KIA ကသိမ်းပိုက်ထားသည်။ ကွတ်ခိုင်ဒေသတွင်း၌ အဆိုပါ တပ်ဖွဲ့များသည် မကြာခဏ နယ်မြေအငြင်းပွားမှုအခြေခံသည့် ပြဿနာများဖြစ်ပွားလျက်ရှိသည်။
“TNLA ကလည်းသူတို့လူကို အရိုက်ခံရတော့ တပ်ထဲကနေ ဖောကားနှစ်စီးလောက်နဲ့ထပ်ထွက်လာတာ။ အခုတော့ ညှိနှိုင်းနေကြတယ်။ ကိုးကန့်က အစကတည်းက ကွတ်ခိုင်နေရာတော်တော်များများမှာ အစတည်းကနေရာယူထားတာရှိတယ်။ အစတည်းကရှုပ်တော့ ခုတော့ရှင်းမရတော့ဘူး။ TNLA တဖွဲ့တည်းမြို့ကိုသိမ်းပိုက်တာမှမဟုတ်တာ။ MNDAA PDF AA အကုန်ပါတာပဲ။ အခုဖြစ်တဲ့ ပြဿနာက ဒါပဲလေ” ဟု ကွတ်ခိုင်မြို့ခံကပြောသည်။
ကိုးကန့်တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့၌လည်း စျေးအနီးတွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေကောက်ခံရာ သုံးရက်တာအတွင်း အလှူငွေ ၂၃,၅၉၁,၇၀၀ ကျပ်ရရှိခဲ့ပြီး မကြာမီတွင် ငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း MNDAA အဖွဲ့ဝင်တဦးက လူမှုကွန်ရက်၌ မျှဝေထားသည်။
မတ်လ ၂၈ ရက်နေ့က မန္တလေးနှင့်စစ်ကိုင်းမြို့အနီးဗဟိုပြုခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားကြီးငလျင်ကြောင့် မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းကိုင်း၊ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ထိခိုက်ပျက်စီးမှုများပြားခဲ့သည်။ အဆိုပါ ငလျင်၏ သက်ရောက်မှုကို လူဦးရေ ၈,၅၆၂,၅၅၅ ဦးခန့် တိုက်ရိုက် ထိခိုက်ခံစားခဲ့ကြရပြီး ယနေ့ (ဧပြီလ ၁ ရက်) ထိ လေးရက်တာကာလအတွင်း ငလျင်ကြောင့် သေဆုံးသူ ၂,၃၉၅ ဦးရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီကမူ မတ်လ ၃၁ရက်ည ၁၁ နာရီအထိ စာရင်းအရငလျင်ကြောင့် သေဆုံးသူ ၂,၀၅၆ ဦးရှိပြီး ၃၉၀၀ဦး ဒဏ်ရာရကာ ၃၀၀ ဦး ပျောက်ဆုံးနေကြောင်း ယနေ့နံနက်ပိုင်း၌ထုတ်ပြန်ထားသည်။
ကွတ်ခိုင်တွင် TNLA နှင့် MNDAA ပြေလည်မှုရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ကိစ္စ ပြေလည်မှုရသွားပြီလို့ TNLA က ထုတ်ပြန်ပါတယ်။
ဧပြီ ၁ ရက် မနက် ၁၁ နာရီဝန်းကျင်က ကွတ်ခိုင်မြို့မဈေးမှာ MNDAA က မဏ္ဍပ်ဖွင့်လှစ်ကာ ငလျင်ဒဏ်အတွက် အလှူငွေကောက်ခံနေချိန် TNLA တပ်သားက ရောက်ရှိလာပြီး နေရာမှ ထွက်ခွာဖို့ ပြောဆိုခဲ့တာကြောင့် ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။
မဟာမိတ် ကိုးကန့်တပ်ဖွဲ့ဝင်တွေဟာ အင်အားအလုံးအရင်းနဲ့ ပြည်ထောင်စုကားလမ်းမကို ပိတ်ဆို့ပြီး ဖြတ်သန်းသွားလာနေတဲ့ ကားတွေကို ရပ်ပြီး အလှူငွေကောက်ခံရာ တအာင်းပြည်ရဲတပ်ဖွဲ့ ယာဉ်ထိန်းဌာန တာဝန်ရှိသူတယောက်က လူကြီးခရီးစဉ်ရှိလို့ ခေတ္တလမ်းဖွင့်ပေးဖို့ သွားရောက်ညှိနှိုင်းပြောဆိုရာက ဘာသာစကား မပေါက်တဲ့အတွက် နှစ်ဖက်တပ်ဖွဲ့အကြား အနည်းငယ် အငြင်းအခုံ ဖြစ်ပွားခဲ့ရတာလို့ သိရပါတယ်။
လက်ရှိမှာ နှစ်ဖက်တာဝန်ရှိသူတွေက ညှိနှိုင်းဖြေရှင်းရာ ပြေလည်မှုရရှိသွားပြီး တအာင်းဒေသ မြို့နယ်တိုင်းမှာ ပြည်သူလူထုတွေ တတ်အားသမျှ ငလျင်ဘေးသင့်လူထုကို ကူညီဖေးမနိုင်ဖို့ တက်ကြွစွာ ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။


Leave a Reply