မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ တရုတ်နိုင်ငံကြက်ခြေနီအသင်းက ယာဉ်တန်း (၉) စီးကို စစ်ကောင်စီတပ်က စက်လက်တွေနဲ့ ပစ်ခတ်ခဲ့လို့ နောက်ကြောင်းပြန် ဆုတ်ခဲ့ရတယ်လို့ TNLA တပ်ဖွဲ့က ဧပြီလ ၁ ရက်နေ့ ညပိုင်းက ထုတ်ပြန်ထားပါတယ်။

ငလျင်သင့် ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာပြီး တရုတ်နယ်စပ် ရွှေလီမြို့ကနေတဆင့် မန္တလေးမြို့ကို ထွက်ခွာလာတဲ့ တရုတ်နိုင်ငံ ကြက်ခြေနီ အသင်း ယာဉ်တန်းတွေကို ဧပြီလ ၁ ရက်နေ့ ည ၉ နာရီကျော်က နောင်ချို့မြို့နယ် အုမ္မတီးကျေးရွာနားမှာ စစ်ကောင်စီတပ်က အသင့်စောင့်ပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို သွားရောက်ကူညီဖို့ စစ်ကောင်စီကို သတင်းပို့ထားခဲ့ပြီး ဖြစ်ပေမယ့် လမ်းမှာ အခုလို ပစ်ခတ်ခတ်ခံရတာကြောင့် ယာဉ်တန်းတွေအားလုံး နောင်ချိုမြို့ဘက်ကို ပြန်လည် ဆုတ်ခွာလာခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ယာဉ်တန်းတွေကို တအာင်းတပ်မတော် TNLA က ကာကွယ်စောင့်ရှောက်ပေးထားပြီး လိုရာခရီးဆက်လက် ပို့ဆောင်ပေးသွားမယ်လို့လည်း TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဧပြီလ ၂ ရက်နေ့ မနက်အစောပိုင်းထိ ရှင်းလင်းပြောကြားထားတာမရှိသေးသလို အဆိုပါ ယာဉ်တန်း ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်လက်နက်ကိုင် အဖွဲ့စည်းက ပစ်ခတ်ခဲ့တယ်ဆိုတာကို DVB အနေနဲ့ ဆက်လက် အတည်ပြုနေဆဲဖြစ်ပါတယ်။


Leave a Reply