မန္တလေးမှာ ငလျင်ဘေးကြောင့် ကွင်းပြင်နဲ့လမ်းပေါ် အိပ်သူတွေကို စစ်အုပ်စုက မှတ်ပုံတင် စစ်ဆေး
မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် ကွင်းပြင်နဲ့ လမ်းပလက်ဖောင်းတွေပေါ် ထွက်အိပ်သူတွေကို စစ်အုပ်စုက မှတ်ပုံတင်နဲ့ လူစာရင်း စစ်ဆေးတာမျိုး ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဧပြီလ ၁ရက် မနေ့က ညပိုင်း မန္တလေးမြို့ အမရပူရမြို့နယ်အတွင်း ကွင်းပြင်နဲ့ လမ်းပလက်ဖောင်းပေါ် ထွက်အိပ်သူတွေကို စစ်အုပ်စုက မှတ်ပုံတင်နဲ့ လူစာရင်း စစ်ဆေးတာလို့ ဆိုပါတယ်။
“သူတို့က ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးလှူဖို့ လူစာရင်းကောက်သလိုလိုနဲ့ မှတ်ပုံတင်စစ်တယ်၊ လူစာရင်း တောင်းတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မန္တလေးမြို့တွင်း သွားလာနေသူတွေကိုလည်း ဖုန်းနဲ့ မှတ်ပုံတင် စစ်ဆေးတာ၊ ငလျင်ကူညီကယ်ဆယ်ရေးအတွက် လာရောက်တဲ့ ကားတွေကို မှတ်ပုံတင်နဲ့ ဖုန်း စစ်ဆေးရုံမက စာရွက်စာတမ်း တောင်းယူကြည့်ရှု့တာတွေ လုပ်နေပြီး CDM တွေ၊ တော်လှန်ရေး အင်အားစုတွေ ဝင်ရောက်လာမှာကို စစ်အုပ်စုက စိုးရိမ်နေပုံရတယ်လို့ မန္တလေးမြို့ခံတချို့က ဆိုပါတယ်။

မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် မန္တလေးမြို့နဲ့ အမရပူရမြို့မှာ အိုးအိမ် အဆောက်အအုံ အများအပြား ပျက်စီးပြီး သေဆုံးသူ ထောင်နဲ့ချီသလို ဒဏ်ရာရသူနဲ့ ပျောက်ဆုံးသူလည်း ထောင်သောင်းချီ ရှိနေပါတယ်။
ငလျင်ဒဏ်ကြောင့် အိုးအိမ်ပျက်စီးတာ၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ မလုပ်နိုင်သေးလို့ အဆောက်အအုံ ပြိုကျပိမိကာ သေဆုံးသူတွေရဲ့ အပုပ်နံ့တွေ ထွက်လာတာ၊ စတာတွေကြောင့် ဒေသခံတချို့ဟာ ကွင်းပြင်နဲ့ လမ်းဘေး ပလက်ဖောင်းတွေပေါ်မှာ အိပ်စက်နေကြရတာ ဖြစ်ပါတယ်။
ငလျင်ဘေးကြောင့် မန္တလေး ကျုံးဘေးမှာ အိပ်နေသူများကို တွေ့ရစဉ်/Photo – စိုးမိုးနိုင်


Leave a Reply