ငလျင်ဘေး မတိုင်ခင်ထက် အစစ်အဆေး ပိုကြမ်းပြီး ဖုန်းနဲ့ မှတ်ပုံတင် သာမက ကားတွေကို စာရွက်စာတမ်းပါ စစ်
ကယ်ဆယ်ရေး ကားတွေကို ပိုမိုစစ်ဆေးတင်းကြပ်နေ

မန္တလေးမြို့လုံးကျွတ် ငလျင်ဘေးသင့်တာ အတိဒုက္ခရောက်နေပေမယ့် စစ်အုပ်စုက လမ်းပေါ်မှာ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးတာတွေ လုပ်နေတယ်လို့ ကိုယ်တိုင် ကြုံခဲ့ရသူတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၂ရက် မနက်ပိုင်းမှာ မန္တလေးမြို့သစ်၊ ၆၂လမ်းပေါ်နဲ့ ၅၄ လမ်းပေါ်မှာ စစ်ဆေးရေး လုပ်နေတဲ့ နှစ်ဖွဲ့ကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
“အရင်ကတော့ သူတို့အဖွဲ့က အင်အား ၅၀ လောက်ပါတယ်။ အရပ်ဝတ်တွေ၊ ယာဉ်ထိန်းတွေ ပါတယ်။ အခုကတော့ အရပ်ဝတ် မတွေ့ဘူး။ စစ်ယူနီဖောင်းဝတ်နဲ့ အပြာဝတ်တွေပဲ” လို့ အစစ်အဆေးခံခဲ့ရတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့သစ်ပိုင်းနဲ့ မြို့တွင်း နေရာတချို့မှာ စစ်ယူနီဖောင်းဝတ်နဲ့ အပြာဝတ်တွေ ပါတဲ့ စစ်အုပ်စု အင်အား ၂၀ လောက်နဲ့ လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်တွေကို တားဆီးပြီး ဖုန်းနဲ့ မှတ်ပုံတင် စစ်ဆေးတာ၊ မြိုကခံမဟုတ်ဘဲ ငလျင်ဘေး ကူညီကယ်ဆယ်ရေးအတွက် လာရောက်တယ်လို့ ယူဆရတဲ့ ကားတချို့ကို ဖုန်းနဲ့ မှတ်ပုံတင် စစ်ဆေးရုံမက စာရွက်စာတမ်း တောင်းယူ စစ်ဆေးတာတွေပါ လုပ်နေတယ်လို့ ဆိုပါတယ်။
“ဆိုင်ကယ်ဆိုရင် ရပ်ခိုင်းပြီး တူးဘောက်ဖွင့် စစ်တယ်။ ဖုန်းတွေ ဘာတွေ စစ်တယ်။ ကားဆိုလည်း စစ်တယ်။ ကားပေါ်မှာ အလှူပစ္စည်းတွေ၊ အထုပ်တွေပါတယ်ဆိုရင် ပိုစစ်တယ်၊ ဖုန်းစစ်တယ်၊ မှတ်ပုံတင် ပြခိုင်းတယ်။ ဘောက်ချာတို့ ဘာတို့ စာရွက်စာတမ်းတွေပါ တောင်းစစ်တာ တွေ့တယ်” လို့ ကိုယ်တိုင်ကြုံခဲ့သူက ပြောပါတယ်။

CDMတွေ၊ တော်လှန်ရေး အင်အားစုတွေ ဝင်ရောက်လာမှာကို စစ်အုပ်စုက စိုးရိမ်ပြီး အခုလို စစ်ဆေး တင်းကြပ်တာ ဖြစ်မယ်လို့ ကိုယ်တိုင်ကြုံရသူက သုံးသပ်ပါတယ်။
ငလျင်လှုပ်ပြီးစ ရက်တွေက ခဏ ငြိမ်နေပေမယ့် လက်ရှိမှာ မန္တလေးမြို့တွင်း အစစ်အဆေး လုပ်တယ်လို့ ကြားရလို့ မြို့ခံတချို့က ဆိုပါတယ်။
စစ်အုပ်စုရဲ့ အဲ့ဒီ စစ်ဆေးငွေညစ်တဲ့ အဖွဲ့ဟာ တနေရာတည်းမှာ အထိုင်ချနေတာမျိုး မဟုတ်ဘဲ မြို့အနှံ့ ရွှေ့လျားသွားလာ စစ်ဆေးတာ ဖြစ်ပါတယ်။
မန္တလေးမြို့က ရပ်ကွက်တွေအားလုံးမှာ စစ်အုပ်စုက ပြည်သူ့စစ်အမည်ခံ ပျူစောထီးနဲ့ ရပ်ရွာလုံခြုံရေး အမည်ခံ အပြာယူနီဖောင်းဝတ် လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။

လက်ရှိမှာ မန္တလေးမြို့လုံးကျွတ် ငလျင်ဘေး ကြုံနေရပေမယ့် အဲ့ဒီ ပျူနဲ့ အပြာယူနီဖောင်းဝတ်တွေက ကူညီကယ်ဆယ်ရေး လုပ်ဆောင်တာ မရှိဘဲ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့နောက် လိုက်လံ စောင့်ကြည့်တာ၊ အထက်ပါအတိုင်း လမ်းပေါ်တက်ပြီး စစ်ဆေးတာတွေ လုပ်နေတာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ငလျင်မလှုပ်မီ ရက်တွေက မန္တလေးမြို့မှာ တွေ့ရတဲ့ ပျူစောထီးနဲ့ အပြာယူနီဖောင်းဝတ် စစ်အုပ်စု လက်နက်ကိုင်တွေ/Photo – စစ်အုပ်စု


Leave a Reply