ကမ္ဘောဇဘဏ်တာဝန်ရှိသူတွေရဲ့ အတ္တကြောင့် အသက်ပေးခဲ့ရတဲ့ KBZ ဘဏ်ဝန်ထမ်းများ
ပြီးခဲ့တဲ့ရက်ပိုင်းက ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျော်ဘွယ်မြို့မှာရှိတဲ့ KBZဘဏ်ပြိုကျခဲ့ပါတယ်။
ပျော်ဘွယ်KBZ Bankဟာ ငါးထပ်ရှိတဲ့ တိုက်အဆောက်အအုံဖြစ်ပြီး သုံးထပ်ပြိုကျခဲ့တာကြောင့် ဘဏ်ဝန်ထမ်းတွေနဲ့ ငွေလာရောက်ထုတ်ယူသူ ပြည်သူတွေဟာ အဆောက်အအုံပိမိပြီးတော့ ပိတ်မိနေခဲ့ကြပါတယ်။
အဆိုပါဖြစ်စဉ်ထဲကနေ အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာသူ ပျော်ဘွယ်မြို့သူ မဆုဝေနှင်းက “ငလျင်စလှုပ်တော့ ဘဏ်ထဲမှာ ငွေသွင်း၊ ငွေထုတ်လုပ်နေသူတွေနဲ့ တော်တော်စည်ကားနေတဲ့အချိန်ကြီး၊ အဲဒီမှာ စပြီးတော့ ငလျင်လှုပ်တာနဲ့ ဘဏ်တာဝန်ရှိသူတွေက ဘဏ်တံခါးတွေကို ပိတ်ချပစ်လိုက်တာ။
သူတို့ငွေတွေ အလုခံရမှာစိုးလို့တဲ့၊ ဘဏ်က ဝန်ထမ်းတွေက ငလျင်ဒဏ်ကနေ လွတ်မဲ့ ဘဏ်အပြင်ကို ပေးထွက်ဖို့ တောင်းပန်ကြသေးတယ်။ ဘဏ်တာဝန်ရှိသူတွေက လုံးဝပေးမထွက်ဘူး။ ညီမတို့လည်း ဝိုင်းတောင်းပန်ကြတာပဲ မရပါဘူး။
ဒုတိယတစ်ခေါက် အကြမ်းဆုံးငလျင်လှုပ်တဲ့အချိန်လည်းကျရော ဘဏ်ကြီးပြိုကျပါလေရော။ ပြိုကျတာမှ ဝုန်းကနဲပြိုကျတာ ဘာမှလုပ်ချိန်တောင်မရလိုက်ဘူး။ ညီမရပ်နေတဲ့ နေရာက ကွန်ကရစ်တိုင်ကြီးနဲ့ ကပ်လျက်ဖြစ်နေတော့ ညီမရဲ့အပေါ်က ကွန်ကရစ်ကြမ်းပြင်နဲ့ လွဲသွားပေလို့သာပေါ့။
တည့်တည့်သာ ကျလို့ကတော့ ညီမလည်း တစ်ခါတည်းပြားသွားမှာ။ လူက ဝုန်းဆို အသံကြားတာနဲ့ ထိုင်ချမိလိုက်တာ။ ခေါင်းပေါ်ကို ကွန်ကရစ်ခဲတွေလည်း မှန်တယ်။ ဒါပေမဲ့ လူက သတိရှိနေသေးတော့ ထပ်ငုံ့ပြီး ဝပ်ချထားလိုက်ရတယ်။
ဘေးနားမှာလည်း အော်သံတွေ ငိုသံတွေကြားနေရတယ်။ တစ်ချို့အော်သံတွေက အရမ်းနာလွန်းလို့ မခံမရပ်အော်နေတဲ့ အသံမျိုးတွေနဲ့ အော်တာ ကြားရတယ်။
ညီမလည်း ကိုယ့်အပေါ်မှာ ပိတ်မိနေတဲ့ ကွန်ကရစ်ကြမ်းပြင်ကြီးကို အားရှိသမျှကြိုးစားပြီး တွန်းကြည့်သေးတယ်။ တုတ်တုတ်တောင် မရွေ့ဘူး။
ညီမလည်း အသံကုန်အော်ပြီးတော့ အကူအညီတောင်းတာပေါ့။ ဘယ်သူမှလည်း မကူညီနိုင်ကြဘူးလေ။ ပြီးတော့ ငလျင်က ဆက်လှုပ်နေတုန်းပဲ။ ညီမလည်း မလှုပ်ရဲတာနဲ့ ဆက်ငြိမ်နေလိုက်တယ်။
အဲ့ဒီအချိန်မှာပဲ ညီမလွယ်ထားတဲ့ စလင်းဘတ်ထဲက ဖုန်းက အသံမြည်လာလို့ အမှောင်ထဲမှာ စလင်းဘတ်ကို လက်နဲ့စမ်းဖွင့်ပြီးတော့ ဖုန်းကိုင်လိုက်တော့ အမေဆက်တာဖြစ်နေတယ်။ အမေနဲ့ ဖုန်းအဆက်အသွယ်ရတယ်။
အမေက ငိုပြီးတော့ ညီမကို သေပြီထင်နေတာတဲ့။ တော်သေးတယ်။ အဲ့ဒီမှာ ညီမဘဏ်ထဲမှာ ပိတ်မိနေတဲ့အကြောင်း အမေ့ကို ပြောပြရတယ်။ ဘေးကလူတွေတော့ သေပြီထင်တယ်အမေလို့ ပြောလိုက်တယ်။
အဲ့ဒီနေ့ ညနေပိုင်းလောက်မှာ ကယ်ဆယ်ရေးသမားတွေရဲ့ အပျက်အစီးတွေ ဖယ်နေကြတဲ့အသံကြားရတယ်။ အမေက ဖုန်းခဏခဏဆက်ပြီးတော့ ညီမကို လှမ်းအားပေးနေတော့ ဖုန်းက ညဦးပိုင်းမှာပဲ အားကုန်ပြီး ပိတ်ကျသွားတယ်။
ညီမလည်း စိတ်ကိုတင်းပြီးထားပေမဲ့ လူကတော်တော်အားငယ်နေပြီ။ တစ်ညလုံးဒုက္ခရောက်လိုက်တာ မပြောပါနဲ့ ရေကဆာ လူကလည်း ခေါင်းတွေကွဲထားတော့ သွေးတွေကထွက်နေတာ။ ဗိုက်တော့ မဆာဘူး။ စိတ်ဇောကပ်နေလို့ဖြစ်မယ်။
ခပ်လှမ်းလှမ်းက ညဉ်းသံတွေလည်းကြားနေရတယ်။ အပျက်အစီးတွေ ပိမိထားတဲ့ တခြားသူတွေဆီကဖြစ်မယ်ထင်တယ်။ နောက်နေ့ နေ့လည်ပိုင်းလောက်ကျမှ ညီမကို အပြင်ထုတ်လို့ရသွားတယ်။
ညီမလိုပဲ အပျက်အစီးတွေကြားကနေ ကယ်ထုတ်နိုင်ခဲ့တာ နောက်ထပ် ၁၅ယောက်ရှိတယ်လို့ သိရတယ်။ ဘဏ်ဝန်ထမ်းတွေရော၊ ပြည်သူတွေရောပေါ့။
ညီမက စဖြစ်တဲ့အချိန်တုန်းကဆို သေပြီပဲမှတ်နေတာ။ ပြီးတော့ ဘုရားကိုပဲ ဆက်တိုက်ကယ်တော်မူပါဆိုပြီးတော့ တနေခဲ့ရတာ”ဟု သူမကြုံတွေ့ခဲ့ရသော အခြေအနေများကို ပြန်လည်ပြောပြသည်။
“တကယ်တမ်းက ငလျင်စလှုပ်ကတည်းက ဘဏ်တံခါးတွေကို ဖွင့်ပေးပြီး အပြင်ကို ထွက်ခွင့်ပေးခဲ့လို့ရှိရင် ဒီလောက်ထိ အသေအပျောက်များစရာအကြောင်းမရှိဘူး။ အခုက ငလျင်လှုပ်နေတဲ့ အချိန်မှာ လူတွေအကုန်လုံးကို ဘဏ်ထဲမှာ စုပြီးတော့ လှောင်ထားတာကြောင့် ဒီလိုမျိုး အဖြစ်ဆိုးတွေ ဖြစ်ကုန်တာ။
နောက်မှ ပြန်ကြားရတာက သူတို့ KBZ ဘဏ် ဥက္ကဋ္ဌကြီး အောင်ကိုဝင်းက မုန်တိုင်းတိုက်တာတို့၊ ငလျင်လှုပ်တာတို့လို့ သဘာဝဘေးအန္တရာယ်တွေ ကြုံလာခဲ့ရင် သူတို့ငွေတွေ ပါသွားမှာစိုးလို့ အခုလို ဘဏ်တံခါးတွေကို ချက်ခြင်းပိတ်ချလိုက်ဖို့ ညွှန်ကြားထားတာလို့ သိရတယ်။
သူတို့က ကာစတန်မာတွေရဲ့ အသက်ကို သူတို့ ပိုက်ဆံတွေလောက်မှ တန်ဖိုးမထားဘူးဆိုတာ ဒီဖြစ်ရပ်မှာ ထင်းထင်းကြီး သွားတွေ့ရတယ်။ ညီမကတော့ အသက်ရှင်နေသေးသရွေ့ ကမ္ဘောဇဘဏ်ကို ရွံသွားပြီ။
သူတို့ဆီမှာလည်း ငွေအပ်တာ၊ ငွေလွှဲတာတွေ နောက်ကို ဘယ်တော့မှ မလုပ်တော့ဘူး။ အခုလည်း သေတာက ဘဏ်ဝန်ထမ်းချည်းပဲ ဆယ်ယောက်ကျော်ပါတယ်တဲ့။ ကျန်တဲ့ ကာစတမ်မာတွေက ရှစ်ယောက်သေတယ်။
မတ်လ ၃၁ရက်နေ့ကျမှ မီးသတ်တွေနဲ့ စင်ကာပူကယ်ဆယ်ရေးအဖွဲ့တွေ ဆက်ကယ်ပေမဲ့ အချိန်နှောင်းနေပြီလေ။ အထဲမှာ ပိတ်မိနေသူတွေ အကုန်သေနေပြီတဲ့။ သူတို့က အရပ်ဖက်ပရဟိတ ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း လုံးဝပေးမကယ်ဘူး။
ကူညီပြီးတော့ ကယ်ဆယ်ပေးပါမယ် ပြောတာကိုတောင် လုံးဝလက်မခံဘူး။ ဘဏ်ထဲမှာ ငွေတိုက်ရှိနေလို့ အရပ်ဖက်အဖွဲ့တွေကို ဘဏ်နားပေးမကပ်တာလို့ပြောတယ်။ အခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ပြီး ကိုယ့်ဖောက်သည်တွေကို ပြန်သတ်တဲ့ KBZဘဏ်ဖြစ်နေပြီ” ဟု မဆုဝေနှင်းက ပြောပြသည်။
ပျော်ဘွယ်မြို့တွင် မြေငလျင်ကြောင့် သေဆုံးသူ ၃၀၀ကျော်၊ ထိခိုက်ဒဏ်ရာရသူ ၁၅၀ကျော်ရှိကာ အဆောက်အဦး ၅၀၀ကျော် ပျက်စီးခဲ့ကြောင်း သိရပါသည်။
နောက်ဆက်တွဲငလျင်များကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ ထပ်မံတိုးလာနိုင်ဖွယ်ရှိသည်ဟု ပျော်ဘွယ်မြို့တွင် ကယ်ဆယ်ရေးလုပ်နေသော လူမှု့ကူညီရေးအသင်းများထံမှ သတင်းရရှိပါသည်။


Leave a Reply