တိုင်းနဲ့ ပြည်နယ်တချို့မှာ ဧပြီ ၂ ရက်နေ့ကနေ ၁၁ ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ မနေ့ ဧပြီ ၂ ရက်၊ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

မိုး/ဇလဌာနရဲ့ မနေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့်အပြင် အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ အသိပေး ကြေညာထားပါတယ်။

ဒါနဲ့ ပတ်သက်လို့ မိုး/ဇလဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက “လေဖိအားနည်းရပ်ဝန်း ဖြစ်ခဲ့ရင် လေထုက နည်းနည်း ပြောင်းသွားတာပေါ့။ ဘယ်လိုပြောင်းသွားလဲ ဆိုတော့ ပင်လယ်ဘက်ကနေ မြန်မာပြည် ကုန်းတွေပေါ်ကို လေတိုက်တယ်။ လေဖိအားနည်းရပ်ဝန်း ဖြစ်တဲ့နေရာကို ပင်လယ်ဘက်က တိုက်လေတွေ ရောက်လာတာပေါ့။ ပင်လယ်ကို ဖြတ်လာတဲ့အတွက် ရေခိုးရေငွေ့တွေ ပါမယ်။ အခုက ပူနေတဲ့ရာသီ ဖြစ်တဲ့အတွက် အပူပျံတက်တိမ်တွေ ဖြစ်မယ်။ အဲဒီ အပူပျံတက်တိမ်တွေထဲမှာ ရေခိုးရေငွေ့ ပါဝင်မှုတွေ အားကောင်းလာပြီးတော့ မိုးကြိုး တိမ်တိုက်တွေဖြစ်မယ်၊ ပြီးတော့ မိုးရွာမယ်။ အဲဒီတော့ လေဖိအားနည်းရပ်ဝန်းနဲ့ လေအေး၊ လေနွေး ဖြစ်စဉ်တွေက တခုနဲ့ တခုကတော့ ‌ဆက်စပ်နေတယ်” လို့ ပြောပါတယ်။

မိုး/ဇလဌာနရဲ့ မိုးရွာသွန်းမှု ခန့်မှန်းချက် အခြေအနေနဲ့ မိုးရွာရက် ဖော်ပြချက်တွေအရ မနေ့ ‌ဧပြီ ၂ ရက်၊ ညနေပိုင်းမှ စတင်ကာ ၅ ရက်နေ့အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ ဧပြီ ၆ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ သိရပါတယ်။

“မိုးရွာရင်တော့ လေပြင်းတိုက်တာတွေ ပါလာနိုင်တယ်။ နောက်တခု မိုးသီးကြွေတာတွေလည်း ဖြစ်လာနိုင်တယ်။ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာတွေလည်း ဖြစ်နိုင်တယ်။ ဒါတွေက သတိပြုစရာတွေပေါ့။ လက်ရှိက ပူနေတဲ့အချိန် ဆိုတော့ မိုးရွာရင်တော့ အပူချိန်တော့ နည်းနည်း ကျနိုင်တယ်။ ဒါပေမယ့် နေပူပြီး မိုးရွာခဲ့ရင်တော့ ကျန်းမာရေးအတွက်လည်း သတိပြုဖို့ လိုပါတယ်” လို့ မိုး/ဇလ ညွှန်မှူးက ပြောပါတယ်။

မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကတော့ အခု ဧပြီလ ပထမ ၁၀ ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်း အခြေအနေနဲ့ ပတ်သက်လို့ လာမယ့် ဧပြီ ၆ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းအထိ လျော့ကျလာတာကို တွေ့ရှိရတယ်လို့ အသိပေးထားပါတယ်။

“WINDY မှာတော့ ECMWF, GFS နဲ့ ICON မော်ဒယ်တွေက ဧပြီ ၄ ရက်နေ့မှာ အားပျော့တဲ့ လေဖိအားနည်းရပ်ဝန်းအဆင့် ဖြစ်လာနိုင်ကြောင်း ပြပါတယ်။ တကယ်ဖြစ်လာနိုင်မယ့် ဧပြီ ၄ ရက်အထိတော့ အခြေအနေကို စောင့်ကြည့်ရပါဦးမယ်” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ဧပြီ ၅ ရက်နေ့၊ မနက် ၁ နာရီကနေ ဧပြီ ၆ ရက်နေ့၊ မနက် ၁ နာရီအထိ ၂၄ နာရီအတွင်း မိုးရွာနိုင်မယ့် အခြေအနေကတော့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာသာ မိုးအနည်းငယ် (၂၄ နာရီအတွင်း ၀ ဒသမ ၆၃ လက်မ ခန့်) ရွာသွန်းနိုင်တာကို တွေ့ရှိရပြီး အထက်ဘက် ငလျင်လှုပ်ထားတဲ့ ဒေသတွေမှာတော့ မိုးရွာနိုင်ခြေ အလွန်နည်းနိုင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်းဝင်မည်ဟု ထိတ်လန့်စေသည့် သတင်းမှား

ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်းဝင်ဖို့ရှိတာကြောင့် ပြည်သူတွေကို အမြန်ပြောင်းရွှေ့ကြဖို့အတွက် လှုံ့ဆော်ထားတဲ့ သတင်းတုခု လူမှုကွန်ရက်မှာ ပျံ့နေပါတယ်။

‘အကုန်တင်တယ်’ ဆိုတဲ့ ဖေ့ဘုတ်အကောင့်တခုကနေ ဧပြီ ၂ ရက်နေ့မှာ အစောဆုံးတင်ထားတာကို တွေ့ရပါယ်။ ဖော်ပြချက်ထဲမှာ ပုံ တပုံပါဝင်ပြီး Òစစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ ကလူတွေ အမြန်ပြောင်းရွေ့ကြပါÓ လို့ ရေးထားပြီး မြန်မာနိုင်ငံ အလယ်ပိုင်းတခုလုံးနီးပါးလောက် ကြီးမားတဲ့ တိမ်စုကြီး ဖွဲ့စည်းနေပြီး တခြားအင်တာဗျူး သတိပေးချက်တွေကို လင့်တွေနဲ့ တကွ ဖော်ပြထားပါတယ်။ ဒါကို ဖြန့်ဝေမှု ၁၅၀ နီးပါး ရှိနေပါပြီ။

ဒီစာသားတွေကို ပုံငါးပုံနဲ့အတူ ဖော်ပြထားပြီး ပျံ့နှံ့မှု အများဆုံးအဖြစ် မျှဝေမှု ၁ ထောင်ကျော်နေတာတွေလည်း ရှိနေသလို အခြားအကောင့်တွေ၊ ပေ့ချ်တွေကနေလည်း ဖြန့်ဝေတာတွေ ရှိနေပါတယ်။

၂၀၂၃ မေလမှာ ဆိုရင် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း မိုခါ မုန်းတိုင်းရှိပါတယ်။ ဒါက မိုခါမုန်တိုင်းနဲ့ ပတ်သတ်ပြီး ပြောဆိုထားကြတဲ့ ပိုစ့်တွေပါ။

စစ်ကောင်စီတပ် လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းကို ဧပြီ ၂ ရက်နေ့မှာ ဆက်သွယ်မေးမြန်းခဲ့ပြီး လက်ရှိမှာ မုန်တိုင်းမဖြစ်ခင် အဆင့်ဖြစ်တဲ့ လေဖိအားနည်းရပ်ဝန်းအဆင့်တောင် မဖြစ်သေးဘဲ​ မုန်တိုင်းဖြစ်နိုင်မယ့်အလားအလာနည်းကြောင်း၊ တကယ်လို့ မုန်တိုင်းဖြစ်ခဲ့ရင်တောင် မြန်မာနိုင်ငံကို ဝင်မဝင်မသေချာကြောင်းနဲ့၊ အပျက်စီးများမယ့်မုန်တိုင်းမျိုးမဟုတ်ကြောင်း ပြောပါတယ်။

ဧပြီလ ၅ ရက် ၆ ရက်၊ ၇ ရက် နေ့တွေမှာ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်တယ်လို့ ခန့်မှန်းရပြီး လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း၊​မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေမှာ မိုးရွာသွန်းနိုင်မယ့်အနေအထားရှိတယ်လို့ ဦးလှထွန်းက ပြောပါတယ်။

အင်အားပြင်း ငလျင်တိုက်ခတ်ပြီးတာနဲ့ တဆက်တည်းမှာပဲ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ငလျင်ကြောင့် လူအများ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ ဒီလို အခြေအနေမှာ ၂၀၂၃ ခုနှစ်က မိုခါမုန်တိုင်းနဲ့ပတ်သက်တဲ့ သတိပေးချက်တွေကို ချိန်သားကိုက်ပြီး သတင်းတုအဖြစ် ပြန်လည်ဖြန့်ဝေထားကြတာပါ။


Leave a Reply

Your email address will not be published. Required fields are marked *