“စစ်ကောင်စီရဲ့ သေနတ်ပြောင်းဝရှေ့မှာ ကူညီကယ်ဆယ် နေရတဲ့အခြေနေကြောင့် အိန္ဒိယက ကူညီကယ်ဆယ်ရေးသမားတဦး နေရပ်ပြန်”

ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စစ်တပ်ရဲ့ ဖိနှိပ်ကန့်သတ်မှုတွေကို မခံနိုင်တော့လို့ အိန္ဒိယ နိုင်ငံကနေ ကူညီကယ်ဆယ်ဖို့ ရောက်ရှိနေတဲ့ စေတနာ့ဝန်ထမ်းတဦးဖြစ်သူ Kiran Verma က မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားတော့မယ်လို့ သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ အသိပေးကြေညာထားပါတယ်။

မြန်မာစစ်တပ်ရဲ့ သေနတ်ပြောင်းဝရှေ့မှာ ကူညီကယ်ဆယ် နေရတဲ့အခြေနေနဲ့ အကူညီမဲ့နေတဲ့ ပြည်သူတွေကို မကြည့်ရက်တော့သလို အပျက်စီးပုံတွေအောက်မှာ သေဆုံးနေတဲ့ အလောင်းတွေကို ထားခဲ့ရတဲ့အတွက်များစွာ စိတ်မကောင်းဖြစ်မိလို့ မြန်မာပြည်သူတွေကို သူကတောင်းပန်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အခုလို အဆိုးရွားဆုံးဖြစ်နေတဲ့အချိန်မှာတောင် မြန်မာ စစ်တပ်ရဲ့ လူသားချင်းစာနာမှုနဲ့ ကိုယ်ချင်းစာတရားအနည်းကိုပဲ မျှော်လင့်မိထားခဲ့တယ်လို့လည်း ဆိုပါတယ်။

Kiran Verma အနေနဲ့ ငလျင်ဒဏ်အထိခိုက်ဆုံးဒေသတွေဖြစ်တဲ့ စစ်ကိုင်းဘက်ကို သွားရောက်လိုပေမယ့် အကြောင်းပြချက်မရှိပဲ မန္တလေးမှာတင် အတားဆီးခံခဲ့ရပြီး မန္တလေးမှာလည်း လုပ်ဆောင်ခဲ့ရတာကလည်း လူအနည်းငယ်ကိုသာ အစားစာ ဝေမျှမှုသာ ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေက ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ခွင့် ကန့်သတ်ခံထားရတာကြောင့် နာကျင်မှုတွေကို မျှဝေနိုင်မှာ ဟုတ်ဘူးလို့လည်း သူက ရေးသားထားပါတယ်။

တကယ်လို့ ကယ်ဆယ်ရေးအဖွဲ့တခုခုအနေနဲ့ မြန်မာနိုင်ငံထဲမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားလုပ်မယ်ဆိုရင် စစ်ကိုင်း နေပြည်တော် ပဲခူး မကွေး ရှမ်းပြည် စတဲ့ အထိခိုက် အများဆုံး ဒေသတွေကို သွားရောက်ဖို့ အကြံပြုထားပြီး အဲဒီဒေသတွေက အထိခိုက်ဆုံးဖြစ်ပေမယ့် အထောက်ပံ့တွေ အနည်းဆုံးရရှိနေတဲ့ နေရာတွေဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

သူ့အနေနဲ့ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာကို မသိတော့တဲ့အတွက် မတ်လ ၃၁ ရက်နေ့က ရောက်ရှိပြီး ဧပြီလ ၃ ရက်နေ့က ပြန်သွားခဲ့ကာ မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးပါလို့လည်း သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

Kiran Verma ဟာ အိန္ဒိယနိုင်ငံမှာ Simply Blood ဆိုတဲ့ အကျိုးမြတ်မယူပဲ သွေးလှူဒါန်းမှုဝန်ဆောင်မှု လူမှုကူညီရေး အဖွဲ့ရဲ့ တည်ထောင်သူဖြစ်ပြီး တခြား လူမှုရေးလုပ်ငန်းတွေမှာလည်း ထဲထဲဝင်ဝင် လုပ်ကိုင်ပါဝင်နေသူဖြစ်ပါတယ်။

ဓါတ်ပုံ – Kiran Verma (လူမှုစာမျက်နှာ)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *