စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေနှင့်ကျောက်ဖြူမြို့နယ်များတွင် နှစ်ဖက် အပြန်အလှန်တိုက်ပွဲ ပြန်စနေကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။

စစ်ကောင်စီဘက်မှ ဧပြီလ ၂ ရက်က အပစ်ခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း ယမန်နေ့(ဧပြီလ ၃ ရက်) ညနေ ၆ နာရီက စစ်တွေနှင့်ကျောက်ဖြူမြို့ ကို လေကြောင်းသာမက ရေတပ်မှလည်း ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ ထိုကြောင့် အာရက္ခတပ်တော်(AA)ဘက်က ယနေ့ ( ဧပြီလ ၄ ရက် ) နံနက်ပိုင်းတွင် တန်ပြန်ပစ်ခတ်နေကြောင် ၎င်းကဆိုသည်။

“စစ်တွေကနေဆို သုံးမိုင်လောက်ရှိတဲ့နေရာ အောင်မြေကုန်းတို့ ဘက်မှာလည်း အပြန်အလှန်ပစ်နေပြီ။ ကျောက်ဖြူ ဇင်ချောင်းဘက်လည်း အပြန်အလှန်ပစ်နေပြီ။ AA က အရင်ရက်တွေက နားထားတယ်။ နှစ်ဖက်ဖြစ်တာကတော့ ဒီနေ့မနက်မှစတာ”ဟု ၎င်းက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်ကစ၍ စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့အစပ်ရှိ အောင်မြေကုန်း၊ ရဲရိုးပြင်၊ မီးလောင်ကျေးရွာနှင့် ကျောက်ဖြူမြိုနယ်ရှိ စည်မော်ကျေးရွာ၊ ဇင်ချောင်းအနီး ကုန်ဘွေနှင့်ဝါးနက်ချွိန်ကျေးရွာတို့ရှိ စစ်ကောင်စီတပ်ရှိရာနေရာများသို့ AAဘက်က လက်နက်ကြီးများနှင့် ပြန်လည်ပစ်ခတ်နေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့ နေလယ် ၁၂ နာရီဝန်းကျင်ကလည်း ကျောက်ဖြူမြိုနယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်အနီး စည်မော်ကျေးရွာကို ဂျက်ဖိုက်တာနှစ်စီးဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။

“AAဘက်ကလည်း စပစ်နေပြီ ။ နှစ်ဖက်အပြန်အလှန်ပေါ့။ မနေ့ညနေကလည်း လေကြောင်းတွေလာတယ်။ ဒီနေ့လည်း လေကြောင်း ထပ်လာသေးတယ် ။ စည်မော်တို့၊ ဇင်ချောင်းတို့နား ကြဲသွားတာ”ဟုကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

အာရက္ခတပ်တော် (AA)၊ ကိုးကန့်တပ် (MNDAA)နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)တို့ကလည်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည့်နေရာများတွင် ခုခံကာကွယ်သည့် တုံ့ပြန်မှုမျိုးမှလွဲ၍ စတင်ထိုးစစ်ဆင် တိုက်ခိုက်မှုမျိုး မပြုလုပ်ဘဲ ဧပြီလ ၁ ရက်မှ ၃၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း ဧပြီလ ၁ ရက်က ကြေညာထားသည်။

ငလျင်ဒဏ်သင့်ပြည်သူများကို ရှေးရူ၍ စာနာထောက်ထားမှုအရ ဧပြီလ ၂ ရက် ၂၂ ရက်အထိ ရက် ၂၀ ကာလကို ယာယီအပစ်ရပ် ကာလအဖြစ်စစ်ကောင်စီက သတ်မှတ်ခဲ့သော်လည်း နေ့စဥ်တဖက်သတ်ပစ်ခတ်မှုများရှိကြောင်း ဒေသခံများက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစု အသီးသီးက ငလျင်ဒဏ်ခံရသည့်ကာလအတွင်းကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဖေးမရန် အပစ်ခတ်ရပ်စဲမှုကိုကြေညာပြီးနောက် ၎င်းတို့ဘက်ကရပ်စဲမှုရှိသော်လည်း စစ်ကောင်စီဘက်ကမူ ပြည်သူများ တည်ရှိရာကို ပစ်မှတ်ထားကာ ဆက်လက်ပစ်ခတ်နေဆဲဖြစ်သည်။

စစ်ကိုင်းမြို့ကို ဗဟိုပြုသည့်ပြင်းအား ၇ ဒဿမ ၇ ရစ်ချ်တာစကေးရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အများပြည်သူ ငလျင်ဘေးသင့်နေသည့်ကာလအတွင်း စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စသည့်နေရာများတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅၀ ဦးထက်မနည်းသေဆုံးကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က ဧပြီလ ၂ ရက်ကထုတ်ပြန်ထားသည်။

အာရက္ခတပ်တော်(AA)အနေဖြင့် ရခိုင်ပြည်နယ်တွင် တိုင်းစစ်ဌာနချုပ်အပါအဝင် မြို့ ၁၄ မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သည့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်မြိုတို့သာ သိမ်းပိုက်ရန်ကျန်သည်။

ပုံအညွှန်း – ဇန်နဝါရီလ ၂၇ ရက်က ရခိုင်နှင့်ဧရာဝတီအစပ်ရှိအာရက္ခတပ်တော်(AA) စစ်သည်များ။ (ဓါတ်ပုံ-AA Info Desk)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *