မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) သည် ၎င်းသိမ်းပိုက်ထားသည့် လားရှိုးမြို့ကို ယခု ဧပြီလ ၂၁ ရက်နေ့မတိုင်မီ စစ်ကောင်စီလက်ထဲသို့ ပြန်လည်အပ်နှံတော့မည်ဖြစ်ကြောင်း MNDAA ထဲပါနေသည့် မဇ္ဈိမ၏ သတင်းရင်းမြစ်နှစ်ရပ်က ယနေ့ (ဧပြီလ ၄ ရက်) တွင် အတည်ပြုပြောသည်။
ထိုသို့ပြန်လည်လွှဲပြောင်းရေးလုပ်ရာတွင် လားရှိုးမြို့ပေါ်ရပ်ကွက် ၁၂ ခုကို ပြန်လည်ပေးအပ်မည်ဖြစ်ပြီး “ဘေးကရွာတွေမပါဘူး ရွာတွေမှာတော့တပ်ဖွဲ့တွေရှိနေမယ်” ဟု MNDAA သတင်းရင်းမြစ်တရပ်က ပြောသည်။
“လွှဲပြောင်းဖို့လုပ်နေပါတယ်။ ၂၁ ရက်နေ့မတိုင်မီ အပြီး ဆုတ်မှာပါ” ဟု လားရှိုးမြို့ရှိ MNDAA သတင်းရင်းမြစ်က ဆက်ပြောသည်။

ကနဦးအားဖြင့် ယခု ဧပြီလမကုန်မီ စစ်ကောင်စီဘက်မှ ဌာနဆိုင်ရာအဖွဲ့အချို့မြို့တွင် ပြန်လည်ဝင်ရောက်နေရာယူမည်ဖြစ်ပြီး စစ်ဘက်ဆိုင်ရာအဖွဲ့များမှာ ထို့နောက်မှ လိုက်ပါလာမည်ဟုသိရကြောင်း အခြားသော လားရှိုးပြန်လည်ထူထောင်ရေးတွင်ပါဝင်နေသည့် MNDAA သတင်းရင်းမြစ်တရပ်ကလည်း အတည်ပြုပြောသည်။
“လားရှိုးမှာ MNDAA ဘက်က စစ်ဦးစီးနဲ့ တပ်ဖွဲ့ဝင်၊ ရဲဌာန၊ဆက်ဆံရေးရုံတွေတော့ကျန်ခဲ့မယ်။ ပူးတွဲကိုင်မယ်လို့သိရပါတယ်” ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။ သို့သော် စစ်ကောင်စီပြန်လည်ဝင်ရောက်လာပြီးပါက အုပ်ချုပ်မည့်ပုံစံအသေးစိတ်ကိုမူ မသိရှိရသေပေ။
လားရှိုးမြို့သို့ စစ်ကောင်စီပြန်လည်ဝင်ရောက်လာပါက လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းလားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ၊ MNDAA နှင့်ပူးပေါင်း၍ မြို့ပြန်လည်ထူထောင်ရေးတွင် ဝင်ရောက်လုပ်ကိုင်နေသည့်ဒေသခံများ၏ လုံခြုံရေးသည်လည်း စိုးရိမ်ရမည့်အခြေနေတွင် ရှိနေသည်။

ထို့အတူ စစ်ကောင်စီဘက်မှ စစ်မှုထမ်းအင်အားစုဆောင်းခြင်းလည်းရှိလာမည်ဖြစ်သောကြောင့် ဒေသနေပြည်သူများနေဖြင့် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်းအဆိုပါ MNDAA သတင်းရင်းမြစ်များက ပြောသည်။
လားရှိုးမြို့ကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းက MNDAA ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များလည်း ပါဝင်သော တော်လှန်ရေးပူပေါင်းတပ်များက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ထိုနောက် MNDAA က အုပ်ချုပ် ရေးလည်ပတ်ခဲ့ခြင်းဖြစ်သည်။ မြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူပိုင်နေအိမ်များ ပိုင်ဆိုင်မှုများလည်း များစွာပျက်စီးဆုံးရှုံးခဲ့ရပြီး တိုက်ပွဲအပြီးနှင့် တိုက်ပွဲလွန်ကာလများတွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့်ဒေသခံများ ထိခိုက်သေဆုံးမှု များပြားခဲ့သည်။
“မဆုတ်ပေးရင် လေကြောင်း တိုက်ခိုက်မှုလုပ်မယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်တယ်။ စီးပွာရေးနဲ့ ကုန်သွယ်ရေးပိတ်မယ်လို့ တရုတ်က ဖိအားပေးတယ်။ ကျန်တဲ့ဖိအားတွေလည်း အများကြီးပဲ” ဟု လားရှိုးမြို့ရှိ MNDAA သတင်းရင်းမြစ်ကပြောဆိုသည်။

တရုတ်နိုင်ငံဘက်မှ ထိန်းသိမ်းထားသည်ဟု သတင်းများထွက်ပေါ်နေသည့် MNDAA ခေါင်းဆောင်ဖုန်တာရွှင်သည်လည်း ဧပြီလ ၂ ရက်နေ့ကပြုလုပ်သည့် ငလျင်အလွန်ကူညီ ကယ်ဆယ်ရေးရန်ပုံငွေလှူဒါန်းပွဲ၌ လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ပုံအညွှန်း – လားရှိုးမြို့ကို MNDAA တိုက်ခိုက်နေစဥ်က လက်နက်ကြီးနှင့်လေကြောင်းမှ ဗုံးကျရောက်ပေါက်ကွဲမှုများကြောင့် မြို့တွင်းမီးလောင်ကျွမ်းမှုများမကြာခဏဖြစ်ပေါ်၍ ဒေသနေပြည်သူများ၏ နေအိမ်အများအပြားပျက်စီးဆုံးရှုံးခဲ့သည်။


Leave a Reply