ငလျင်ဒဏ်ကြုံနေရချိန် စစ်ကောင်စီက စစ်မှုထမ်းအတွက် လူငယ်များကို အဓမ္မဖမ်းဆီးနေ

ငလျင်ဒဏ်ခံစားနေရချိန် စစ်ကောင်စီက ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် အဓမ္မ ဖမ်းဆီးခေါ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် နိုင်ငံတဝန်း ပူဆွေးသောကရောက်နေချိန် စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ တံတားဦးကျေးရွာက လူငယ် ၅ ယောက်ကို စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် ဧပြီ ၃ ရက် ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အင်္ဂပူဒေသခံတယောက်က “စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းအတွက် ဖမ်းခေါ်ခဲ့တာ။ အားလုံး ၅ ယောက်ပါ။ စစ်မှုထမ်းကိစ္စတွေကို ဒီအချိန်မှာ မလုပ်သင့်ဘူးလို့ ထင်တယ်။ ဒီဘက်မှာ ငလျင်ဒဏ် မကြုံရပေမဲ့ အဓမ္မစစ်သားစုဆောင်းတဲ့ အလုပ်က စစ်ကောင်စီကလုပ်နေတဲ့ အလုပ်လေ။ နောက်တချက်က ဒီဘက်က ပြည်သူတွေလည်း ထပ်တူခံစားနေရတာ” လို့ ပြောပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် အသက် ၄၀ ကျော်အရွယ် ကိုဝင်းကိုကို ဆိုသူ အပါအဝင် အရပ်သား ၅ယောက်ဖြစ်ပြီး စစ်မှုထမ်းအတွက် လူထပ်မံဖမ်းဆီးမှာ စိုးရိမ်တာကြောင့် ရွာထဲက ကျန်တဲ့ အရပ်သား အမျိုးသားတွေ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။

ဖမ်းခေါ်ခံရတဲ့ လူငယ်ရဲ့ မိသားစုဝင်တယောက်က “အသက် ၄၀ ကျော်ကျော်အရွယ်တောင် ခေါ်သွားတာ။ စစ်မှုထမ်းကိစ္စ လုံးဝမရပ်ဘူး ပြောဆိုပြီး ရွာထဲကို လာဆွဲသွားတာ။ တော်တော်ယုတ်မာတဲ့အကောင်တွေ” လို့ ပြောပါတယ်။

အဲဒီ အဓမ္မစစ်သားစုဆောင်း ဖမ်းဆီးအခေါ်ခံရတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ထဲက စစ်အခြေခံလေ့ကျင့်ရေးတပ်ထဲ ခေါ်သွားတယ်လို့ ဆိုပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *