ပဲခူးတိုင်း ညောင်ကျိုးစခန်းကို အပြီးသတ်သိမ်း၊ စစ်ကောင်စီက ကြည်းရေလေဖြင့် တိုက်ခိုက်နေဟု AA ဆို
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးဗျူဟာစခန်းကုန်းအား အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ဧပြီ ၅ ရက်နေ့ညတွင် ထုတ်ပြန်သည်။
မတ် ၁၇ ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၆ ရက်ကြာအောင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရခြင်း ဖြစ်ပြီး ဧပြီ ၂ ရက်နေ့တွင်မှ အပြီးသတ်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့နောက် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်တိုက်ခိုက်၍ရသော အခွင့်အရေးရှိခဲ့သော်လည်း တစ်ဖက်သတ်အပစ်ရပ်ခဲ့သောကြောင့် လိုက်လံတိုက်ခိုက်ခြင်း မပြုခဲ့ကြောင်း AA က ပြောသည်။
ညောင်ကျိုးစခန်းရှိရာ နေရာသည် ဧရာဝတီမြစ်အနောက်ဘက်ကမ်း ဥသျှစ်ပင်မြို့နှင့် ၁၇ မိုင်ကျော် ခန့်သာ ကွာဝေးသည်။
ပဲခူးတိုင်း၊ ပြည်မြို့တစ်ဖက်ကမ်း ဥသျှစ်ပင်မြို့အနောက်ဘက် ၃ မိုင်အကွာရှိ ညောင်ခြေထောက်ရွာအနီးတွင် ‘ကပစ’ ဟု အတိုကောက်ခေါ်သည့် အမှတ် (၆) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံရှိပြီး သံမဏိအဓိကထုတ်လုပ်ကာ လက်နက်ခဲယမ်းလုပ်မည့်သံပစ္စည်းမှန်သမျှကို ထိုစက်ရုံမှ ကုန်ကြမ်းထုတ်လုပ်ပေးနေသည်။
ထိုနေရာသည် သိမ်းလိုက်သည့် ညောင်ကျိုးစခန်းနှင့် ၁၄ မိုင်ခန့်သာကွာဝေးသောကြောင့် AA သည် ကပစ -၆ အနီးအထိ ရောက်ရှိလာခြင်းဖြစ်သည်။
စစ်ကောင်စီလက်အောက်တွင် ‘ကပစ’ စက်ရုံပေါင်း ၂၅ ခုရှိပြီး ဧရာဝတီမြစ်အနောက်ခြမ်း ပဲခူးနယ်အတွင်း ဥသျှစ်ပင်မြို့အနီး ကပစ (၅) ၊ (၆) ၊ (၉) ၊ (၁၆) တို့ရှိပြီး ပြည်မြို့အနီး ကပစ (၃) ၊ (၇) ၊ (၁၉) တို့တည်ရှိသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က မတ် ၂၈ ရက်က မြန်မာပြည်အလယ်ပိုင်းကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် လူသားချင်းစာနာမှုအကူညီများပေးနိုင်ရန် ဧပြီတစ်လလုံး အပစ်ရပ်ကြောင်းထုတ်ပြန်ထားခဲ့ပြီး စစ်ကောင်စီတပ်အပြင် KIA, NUG တို့ကလည်း အပစ်ရပ်ကြောင်း အသီးသီးထုတ်ပြန်ထားခဲ့ကြသည်။
သို့သော် တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေကာ Myanmar Now ၏ စာရင်းများအရ ငလျင်လှုပ်သည့်နေ့မှ ယခုရက်များအထိ အရပ်သားများအပါအဝင် သေဆုံးသူ သုံးဒါဇင်ထက်မနည်း ရှိနေသည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက KIA, KNU, AA, TNLA, KNPP, PDF လက်နက်ကိုင်အဖွဲ့များက ယာယီအပစ်အခတ်ရပ်စဲရေးအပေါ် ချိုးဖောက်ကာ ၎င်းတို့ကို လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
ဧရာဝတီတိုင်းတွင် AA က လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ယာယီအပစ်ရပ်စဉ်က ၎င်းတို့ကို တိုက်ခိုက်လာပါက ပြန်လည်တုံ့ပြန်မည်ဟု ပါရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ညတွင် MRTV မှတဆင့် ထုတ်ပြန်ချက်တွင် ပြောထားသည်။
AA ဘက်ကမူ စစ်ကောင်စီက ၎င်းတို့ တစ်ဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာသည့် ဧပြီ ၂ ရက်နေ့နှင့် ၎င်းနေ့ မတိုင်မီရက်များကတည်းက ကျောက်ဖြူမြို့နှင့် စစ်တွေမြို့ပတ်ဝန်းကျင်ရှိ AA တပ်ဖွဲ့ဝင်များကို လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်းနှင့်၊ စစ်သင်္ဘောများပေါ်မှ ပစ်ခတ် တိုက်ခိုက်ခြင်းများကို ယနေ့အထိ နေ့စဉ်ပြုလုပ်နေသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် အခြားသောနေရာများမှ AA စစ်ကြောင်းများကို တန်ပြန်ထိုးစစ်များ လုပ်နေသည်၊ စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရ၊ အသက်ဆုံးရှုံးခဲ့ရသော AA တပ်ဖွဲ့ဝင်များ ရှိကြောင်း AA ၏ ယနေ့ညထုတ်ပြန်ချက်တွင် ပါရှိသည်။
ဓာတ်ပုံ- သိမ်းထားသော ညောင်ကျိုးစခန်းရှေ့မှ AA တပ်ဖွဲ့ဝင်များ။


Leave a Reply