ငလျင်ဒဏ်ကြောင့် တစ်မြို့လုံးနီးပါး ပျက်စီးခဲ့သည့် မန္တလေးမြို့တွင် မိုးများအပြင်းအထန် ရွာသွန်းလျက်ရှိပြီး Sky Villa ကွန်ဒိုအနီး တရုတ်အဖွဲ့များအပါအဝင် ရှာဖွေရေးများလုပ်ဆောင်နေစဉ် မိုးများရွာသွန်းလျက်ရှိသည်ကို လူမှုကွန်ရက်တွင် တွေ့ရခြင်းဖြစ်သည်။

ကျုံးဘေးနှင့် မြို့တွင်းတွင်လည်း မိုးများရွာသွန်းနေပြီး ငလျင်ကြောင့် လမ်းမထက်နှင့် ပြင်ပတွင် တိမ်းရှောင်နေကြသော ငလျင်ဒဏ်သင့် ပြည်သူများ အခက်အခဲဖြစ်ပေါ်နေသည်။
မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ယနေ့ ဧပြီ ၅ ရက် ည ၇ နာရီထုတ်ပြန်ချက်အရ အချိန်အခါမဟုတ်မိုးရွာနိုင်မည့် သတိပေးချက်ကို ထုတ်ပြန်ထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့်တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာ သော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညမှ ဧပြီ ၁၃ ရက်အတွင်း ဒေသတချို့၌ မိုးသည်းထန်စွာရွာနိုင်ကြောင်း ပါရှိသည်။
မိုးရွာနိုင်သည့် ဒေသများမှာ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြစ်ကြသည်။

အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါကြောင်း ထုတ်ပြန်ထားသည်။
(ရုပ်သံ- Kyaw Thu Ya)


Leave a Reply