နေပြည်တော်ကောင်စီနယ်​မြေတွင် ငလျင်ကြောင့် ပြိုကျပျက်စီးနေသည့် နေအိမ်များမှ ပစ္စည်းများကို ကားများဖြင့် ခိုးယူသယ်ထုတ်နေကြောင်း ဒေသခံများထံက သတင်းရရှိသည်။

နေပြည်တော်ကောင်စီနယ်မြေ MICC2၊ ကံကော်အိမ်ယာ၊ ခရေအိမ်ယာ အပါအဝင် ငလျင်ကြောင့် ပြိုကျပျက်စီးနေသည့် နေအိမ်များအတွင်းရှိ ပစ္စည်းများကို ဝင်ရောက်၍ ဖောက်ထွင်းယူနေကြောင်း ​မြို့ခံများကပြောသည်။

“နေပြည်တော်မှာ မလုံခြုံတော့ဘူး၊ ညဘက်တောင်ယူတာမဟုတ်ဘူး၊ နေ့ဘက်ကြီး ဘယ်သူ့ ဂရုမစိုက်ဘူး ပေါ်တင်ပဲ ကားတွေနဲ့သယ်ယူနေကြတာ။ အဲကွန်းကစပြီးဖြုတ်ယူနေကြတာ။ ဓားပြတိုက်တာတွေပါလုပ်လာကြတယ်။ အပျက်စီးတွေအနား လူတွေကလည်း အရင်လို သိပ်မရှိတော့ဘူး၊ ဟိုတစ်စုဒီတစ်စုပဲ နေနေကြရတယ်”ဟု Non CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

ထို့ပြင် ငလျင်ကြောင့် ပြိုကျပျက်စီးနေသည့် နေအိမ်များရှိ ပစ္စည်းများအပြင် သော့ခတ်ပိတ်ထားသည့်နေအိမ်များမှ ပစ္စည်းများကိုလည်း သော့များရိုက်ဖွင့် ကားဖြင့်တင်ဆောင်ကာ ယူသွားကြောင်း မြို့ခံများကပြောသည်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၄၀၀၀ နီးပါးသေဆုံးခဲ့ပြီး နေပြည်တော်တွင် ၆၀၀ ကျော်သေဆုံးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

“လုံခြုံရေးအတွက် ကင်းလှည့်တဲ့ဆိုပြီး ပတ်နေတဲ့အဖွဲ့တွေရှိတယ်။ လစ်တာနဲ့ အကုန်သယ်တာ၊ ရေမော်တာကအစ ဖြုတ်ခိုးနေကြတယ်။ ဘယ်သူကမှလည်း လုံခြုံရေးတာဝန်မယူနိုင်ပါဘူး။ အုပ်စုလိုက်နဲ့လုပ်နေကြတာ။ ပြည်သူ့စစ်တွေလည်းပါတယ်” ဟု ပျဉ်းမနားဒေသခံတစ်ဦးက ပြောသည်။

နေပြည်တော်တွင် ဝန်ထမ်းအိမ်ယာအများစုမှာ ပြိုကျပျက်စီးခဲ့သည့်အတွက် Non CDM အများစုမှာ နေထိုင်ရန် အခက်အခဲဖြစ်နေပြီး ယာယီတဲများတွင် နေထိုင်နေရကြောင်းသိရသည်။

နေပြည်တော်တွင် ခိုးမှုများအပြင် ဓားထောက်လုယက်မှုများနှင့် ဓားပြတိုက်မှုများရှိနေသည်ဟု လူမှုကွန်ရက်များတွင်ရေးသားနေကြသည်။

ဓာတ်ပုံ: ဖြုတ်ယူထားသည့်ပစ္စည်းများ

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *