အာဏာသိမ်းခေါင်းဆောင် စစ်ကိုင်းမြို့သို့သွားစဉ် လုံခြုံရေးယာဉ်တန်း၌ အချုပ်ကားအလွတ်တစ်စီး ပါလာ၊ လူငယ်တချို့ဖမ်းဆီးခံရ

ငလျင်ဘေးဒဏ်သင့်သည့် စစ်ကိုင်းမြို့သို့ အာဏာသိမ်းခေါင်းဆောင် ဧပြီလ ၆ရက်​နေ့က လာရောက်စဉ် လုံခြုံရေးယာဉ်တန်းအပြင် အချုပ်ကားအလွတ်တစ်စီးပါ လိုက်ပါလာပြီး လူငယ်အချို့ ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများကပြောသည်

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၇ ရက် မန္တ​လေးနှင့် စစ်ကိုင်းသို့ ​နေ့ချင်းပြန်သွား​ရောက်ခဲ့သည်။

ငလျင်ဗဟိုချက်နှင့် အနီးဆုံး စစ်ကိုင်းမြို့သို့ မန္တလေးမြို့မှတစ်ဆင့် ဧပြီ ၆ ရက်​နေ့ခင်းပိုင်းတွင်ရောက်ရှိလာခြင်းဖြစ်သည်။

“တပ်မ (၃၃)ထဲက ကောင်တွေ အကုန်လုံခြုံရေး ယူတယ်။ ထူးဆန်းတာကအချုပ်ကားခါလီ(အလွတ်)တစ်စီးပါလာတယ်ဗျ။ ကယ်ဆယ်ရေးလုပ်နေတဲ့ အထဲက စစ်ကိုင်းတိုင်းထဲက လူငယ်တချို့ ဖမ်းသွားတယ်ကြားတယ်”ဟု စစ်ကိုင်းမြို့ခံတစ်ဦးကပြောသည်။

စစ်ကိုင်းမြို့​ပေါ်မှလူငယ်တချို့ဖမ်းဆီးခံရကြောင်း စစ်ကိုင်းတိုင်းမှ PDF တဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် လုံခြုံရေးအခြေအနေအရ စစ်ကိုင်းမြို့ပေါ်သို့ မသွားကြဘဲ အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်ဒေသများတွင်သာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“ကလေးတချို့ အဖမ်းခံရတယ်။ PDF လို့ စွပ်စွဲပြီးဖမ်းတာလား။ စစ်သားစုဆောင်းတာလားတော့မသိဘူး။ လူငယ်တချို့ ဖမ်းဆီးခံရတာ မှန်တယ်။ စိတ်ထင်ရာတွေလုပ်နေတာ ဒီကောင်တွေရဲ့ယုတ်မာမှုကို စကားနဲ့တောင်ပြောမတတ်ဘူး”ဟု စစ်ကိုင်းမြို့ခံတစ်ဦးကပြောသည်။

လက်နက်ကိုင်ခုခံတော်လှန်ရေးအားအကောင်းဆုံးဖြစ်သည် စစ်ကိုင်းတိုင်းသို့ စစ်ကောင်စီခေါင်းဆောင်က ၂၀၂၃ မတ်လတွင် နောက်ဆုံးသွားရောက်ခဲ့ပြီး ၂ နှစ်ကြာပြီးမှ ငလျင်လှုပ်ပြီး​​နောက်စစ်ကိုင်းမြို့သို့ သွားခဲ့ခြင်းဖြစ်သည်။

ငလျင်လှုပ်ပြီး ဆယ်ရက်အကြာမှ ရောက်လာခြင်းဖြစ်ပြီး နာရီပိုင်းအကြာတွင် ရဟတ်ယာဉ်ဖြင့်ပြန်လည်ထွက်ခွာသွားခဲ့သည်။

စစ်ကောင်စီသည် ငလျင်ဒဏ်သင့်ဒေသများသို့ အရပ်ဖက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပေးပို့ကူညီမှုများကို ကန့်သတ်နေပြီး တော်လှန်ရေးအားအကောင်းဆုံးဖြစ်သည့်စစ်ကိုင်းတိုင်းကို ကျန် ဒေသများထက် ပိုမိုကန့်သတ်ထားသည်။

ငလျင်ဘေး ကူညီကယ်ဆယ်ရေးအဖွဲ့များ သီးခြားလွတ်လပ်စွာရပ်တည်၍ ဆောင် ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံထားသည့် အဖွဲ့အစည်းများဖြစ်ရန်လိုပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုမည်ဟု စစ်ကောင်စီဒုတိယခေါင်းဆောင်က ဧပြီလ ၅ ရက်တွင် ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းတွင် စစ်ကိုင်းမြို့သည် ငလျှင်ဒဏ်ကြောင့်ထိခိုက်မှုအများဆုံးဖြစ်ခဲ့သည်။ မတ်လ ၂၈ ရက်က လှုပ်သည့်ငလျင်ကြောင့်စစ်ကိုင်းတိုင်းအတွင်း ပြည်သူ ၆၉၃ဦး သေဆုံးပြီးနှစ်ဦး ပျောက်ဆုံးနေကာ ၈၇၀ ဦးဒဏ်ရာရကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG)က ဧပြီလ ၆ ရက်တွင်ထုတ်ပြန်ထားသည်။

ဘေးသင့်ပြည်သူ ၄ သိန်းကျော်ရှိပြီး နေအိမ်အဆောက်အအုံ ၅၀၀၀ ခန့်ပျက်စီးခဲ့ကာ အကူအညီများလိုအပ်နေသည်ဟု NUG ကအသိ​ပေးထားသည်။

(စစ်ကိုင်းမြို့သို့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် စစ်ကိုင်းမြို့ရောက်ရှိလာစဉ်။ ဓာတ်ပုံ – စကစ)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *