ဖျက်အားပြင်း ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည့် နေပြည်တော်တွင် ယနေ့ (ဧပြီလ ၇ ရက်) ည ၇ နာရီခွဲဝန်းကျင်မှ စတင်ကာ လေပြင်းများ တိုက်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ ထို့အပြင် မြန်မာနိုင်ငံတဝန်း မိုးရွာသွန်းနိုင်မည့် သတိပေးချက်ကို စစ်ကောင်စီ၏ မိုးဇလဌာနက ဆက်လက် ထုတ်ပြန်ထားသည်။
“နေပြည်တော်မှာ လေပြင်းတွေ တိုက်နေတယ်။ လေက တချက်တချက် ပြင်းထန်ပြီး ကျန်အချိန်မှာတော့ ပုံမှန်ပါပဲ” ဟု ဒေသခံတဦးက ပြောသည်။
ယနေ့တွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မြို့နယ်အချို့၌ မိုးရွာသွန်းမှုများနှင့်အတူ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ မိုးဇလဌာန၏ ည ၆ နာရီခွဲ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ယနေ့ညမှ ဧပြီလ ၁၅ ရက်အထိ ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည့် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံတဝန်း၌ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။
ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှု၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိထားရန် မိုးဇလဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နေပြီး၊ မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုရန်လည်း မိုးဇလဌာနက သတိပေးထားသည်။
မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်ကလည်း မြန်မာနိုင်ငံတွင် မိုးရွာနိုင်သည့်အလားအလာရှိသဖြင့် ငလျင်ဘေးသင့်သူများအတွက် အမိုးအကာများ စီစဉ်ဆောင်ရွက်သင့်ကြောင်း၊ ရုတ်တရက် မိုးများနိုင်မှုကြောင့် ရေကြီးနိုင်သည့် အန္တရာယ်များ ရှိလာနိုင်ကြောင်း လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။
ငလျင်ဘေးကြုံထားသည့် ဒေသများရှိ မြေအောက် မြေထုလွှာများသည် မိုးရွာပါက မြေပြိုခြင်း၊ မြေကျွံခြင်းစသည့် အခြေအနေများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ထည့်သွင်းစဉ်းစားရန်လည်း ဦးဝင်းနိုင်က အကြံပြုထားသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့တွင် ထိခိုက်ပျက်စီးမှုများ များပြားခဲ့ပြီး၊ ယခုအခါ မိုးရွာသွန်းမှု ဖြစ်ပေါ်လာနိုင်သည့် အလားအလာကို ငလျင်ဘေးသင့် ပြည်သူများက စိုးရိမ်နေကြသည်။
လက်ရှိတွင် ငလျင်ဘေးသင့် ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ပြီး၊ ငလျင်ဒဏ်ခံစားခဲ့ရသူများသည် ၎င်းတို့၏ နေအိမ်များတွင် ပြန်လည်နေထိုင်ရန် မဖြစ်နိုင်သေးဘဲ လမ်းမများ၊ ကွင်းပြင်များတွင် ယာယီတဲများ ထိုးကာ နေထိုင်နေရဆဲ ဖြစ်သည်။
ပုံအညွှန်း – ငလျင်ဒဏ်သင့် မန္တလေးမြို့တွင် မိုးရွာသွန်းနေသည့် မြင်ကွင်း။ (ပုံ – DHA NA)


Leave a Reply