စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ် နယ်စပ်မျဉ်းအနီးတွင် ရှိသည့် အင်းတော်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်များနှင့် ABSDF ကျောင်းသားတပ်က ၈ လ နီးပါးကြာတိုက်ခိုက်ပြီးနောက် ဧပြီ ၇ ရက် ညဦးပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
ဧပြီ ၇၊ ည ၈ နာရီခန့်တွင် အင်းတော်မြို့တွင် တစ်ခုတည်း ကျန်ရစ်သည့် စစ်ကောင်စီတပ်၏ ဂျပန်လှိုင်ဂူကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။
“အခုည သိမ်းနိုင်တာ ဟုတ်တယ်၊ စစ်သုံ့ပန်းတွေအများကြီးမိတယ်ပေါ့နော် သူတို့တွေ လက်နက်ချ အညံ့ခံတယ်။ ပြီးရင် ဒီနေ့တစ်ရက်လုံးကတော့ လေယာဉ်တွေနဲ့ ကြဲနေတာပေါ့နော်၊ နှစ်ဖက်အကျအဆုံးကတော့ ရှိတာပေါ့” ဟု အဆိုပါ ရှေ့တန်း သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်တစ်လျှောက်လုံး စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်တိုက်လေယာဉ်နှင့် Y 12 အမျိုးအစား လေယာဉ်များဖြင့် တစ်နေကုန်းဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံ အချို့ထံမှ သိရသည်။
ဧပြီ ၁ ရက်တွင် အင်းတော်တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်၏ ဂျပန်လှိုင်ဂူကုန်းမှ စစ်တပ်က စခန်းအပြင်ထွက်ပြီး စစ်ကြောင်းထိုးလာသည်ကို တော်လှန်ရေးပူပေါင်းတပ်များက လိုက်လံတိုက်ခိုက်ရာမှ အဆိုပါ စစ်ကြောင်းကို ချေမှုန်းနိုင်သလို စခန်းကုန်းတစ်ခုလုံးကိုပါ ဆက်လက် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။
“သူတို့က စစ်ကြောင်းထိုးလာတဲ့အခါမှာ တိုက်ရင်းနဲ့ ဟိုဆုတ် ဒီဆုတ်နဲ့ ကိုယ့်ဘက်က တိုက်ရင်းနဲ့မှ မြို့မဘုန်းကြီးကျောင်းတို့၊ လျှောင်းတော်မူဘုရားကုန်းတို့ရတာပေါ့နော်၊ ရပြီးမှ နောက်တစ်ကုန်းက ဂျပန်လှိုင်ဂူကုန်းကို ရတာပေါ့” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ဂျပန်လှိုင်ဂူကုန်းမှာ အင်းတော်မြို့၏ အရှေ့ဘက် တစ်ဆက်တည်းတွင်ရှိပြီး အရှေ့အနောက် သွယ်တန်းနေသည့် တောင်ကုန်းတစ်ခုဖြစ်ကာ အင်းတော်မြို့နှင့် ရွှေဘို-မြစ်ကြီးနားလမ်းကို ဗျူဟာအရ စိုးမိုးထားနိုင်သည့် ကုန်းတစ်ခုဖြစ်သည်။
အဆိိုပါ တောင်ကုန်းပေါ်တွင် စစ်ကောင်စီကုန်းအပြင် ဘုန်းကြီးကျောင်းနှင့် အခြား သာသနိက အဆောက်အအုံများရှိသည့် ကုန်းအချို့ရှိနေကြသည်။
အင်းတော်မြို့ကို ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၁၆ ရက်မှ စတင်ကာ တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်လနီးပါးခန့်အကြာတွင် မြို့ပေါ်ရပ်ကွက်အားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ ဂျပန်လှိုင်ဂူကုန်းစခန်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။
စခန်းကုန်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ချ အညံ့ခံလာသည့် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီး ရမိထားပြီး အရေအတွက် အသေးစိတ်ကို မသိရသေးဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါစခန်းကို ABSDF, စစ်ကိုင်းအထူးတပ်ရင်း(၁) SR-1 နှင့် NUG အစိုးရ၏ အမှတ်(၁) စစ်ဒေသလက်အောက်ခံ တပ်များ ပူးပေါင်းသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ် ဝင်ပေါက်တစ်ခုဖြစ်သည့် နန့်စီးအောင်မြို့နှင့် ၂၇ မိုင်ခန့်သာ ဝေးပြီး ဗျူဟာအရ ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်တွင်ရှိသည့် အင်းတော်မြို့ကို လက်မလွှတ်ရရေး စစ်ကောင်စီတပ်က အပြင်းအထန် ခုခံခဲ့သော်လည်း လက်လွှတ်ခဲ့ရသည်။
အင်းတော်မြို့၏ မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် မော်လူမြို့ကိုတော့ ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလ တွင် ABSDF နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။
အာဏာသိမ်းအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် တော်လှန်ရေးပူးပေါင်းတပ်များက KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် ပူးပေါင်းပြီး မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေကြသည်။
မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူး၊ သပိတ်ကျင်းနှင့် တကောင်းမြို့တို့ကို MDY-PDF နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသလို စစ်ကိုင်းတိုင်းအတွင်းရှိ ခမ်းပတ်၊ ရွှေပြည်အေး၊ ပင်လယ်ဘူး စသည့် မြို့များကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ခံ တပ်များက သိမ်းပိုက်ထားသည်။


Leave a Reply