ကုလသမဂ္ဂ၊ အာဆီယံ နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီတွေအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ငလျင်ဘေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီကို မပေးအပ်ပဲ မြန်မာပြည်သူတွေထံ တိုက်ရိုက်ရောက်ရှိစေဖို့ ကမ္ဘာလုံးဆိုင်ရာသမဂ္ဂများကောင်စီ (CGU) က တောင်းဆိုလိုက်ပါတယ်။
မကြာသေးမီက ပြင်းအား ၇.၇ ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီက ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ဦးစားပေးလုပ်ဆောင်ရမယ့်အစား ချောင်းဦး၊ ဖြူး နဲ့ နောင်ချို အပါအဝင် အရပ်သားပြည်သူတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ လူ့အသက်နဲ့ ဂုဏ်သိက္ခာကို ပြောင်ပြောင်တင်းတင်း လစ်လျူရှုထားခြင်းကို ထင်ရှားစေတယ်လို့ ဧပြီလ ၇ ရက်နေ့က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြန်မာ့သမိုင်းမှာ စစ်အစိုးရက လူသားချင်းစာနာမှုအကူအညီတွေကို နိုင်ငံရေး နဲ့ စစ်ရေးလက်နက်အဖြစ် အသုံးပြုခဲ့တဲ့ သာဓကတွေ များစွာရှိခဲ့ကြောင်း၊ အသက်ရှင်ကျန်သူတွေအတွက် ရည်ရွယ်တဲ့ အကူအညီတွေဟာ စစ်အစိုးရ အမြတ်အစွန်းအတွက် အကြိမ်ကြိမ်လမ်းကြောင်းပြောင်းတာ၊ ကန့်သတ်တာတွေ၊ ကြိုးကိုင်ချယ်လှယ်ခဲ့တာတွေကြောင့် အသက်သေဆုံးရတဲ့ အရေအတွက် တိုးလာခဲ့ရတယ်လို့ ဆိုပါတယ်။
ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂအဖွဲ့ဝင်တွေ အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ ယုံကြည်စိတ်ချရတဲ့ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရပ်ရွာအသိုက်အဝန်းအဖွဲ့တွေက တဆင့် သီးသန့်ပေးပို့ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းကို အရေးတကြီး တောင်းဆိုလိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် အရပ်သားတွေ နဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေအပေါ် စစ်အာဏာရှင်ရဲ့ အဆင်အခြင်မဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှုတ်ချပြီး စစ်အစိုးရကို ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုဖို့ လည်း ဒီအဖွဲ့က တိုက်တွန်းပါတယ်။
စစ်ကောင်စီကို လက်နက်နဲ့ ပစ္စည်းကိရိယာတွေ ထောက်ပံ့တာတွေ ချက်ချင်းရပ်ဆိုင်းဖို့ ရုရှ၊ တရုတ် နဲ့ အိန္ဒိယအစိုးရတွေကို တိုက်တွန်းပေးဖို့ နဲ့ နိုင်ငံစုံက စီးပွားရေးလုပ်ငန်းစုတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေအားလုံးကို ချက်ချင်း ရပ်ပစ်ဖို့ နဲ့ စစ်ကောင်စီ နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ အကျိုးအမြတ်ရယူတာတွေ မလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။
မန္တလေးကျုံးဘေးက ငလျင်ဘေးသင့်ပြည်သူများကို တွေ့မြင်ရစဉ်။


Leave a Reply