စစ်ကောင်စီတပ်ဝါဒဖြန့်ဝက်ဘ်ဆိုက်ဖြစ်သော CINCDS တွင် ဖော်ပြသည့် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ ပဲခူးတိုင်းအတွင်းရှိ ငလျင်ကြောင့်အပျက်အစီးများကို ဧပြီ ၇ ရက်နေ့က လိုက်လံကြည့်ရှုသတင်းတွင် နန်းတော်စေတီတော်အား ဖိနပ်စီးတက်ခဲ့သည့်အတွက် “ပုံသုံးရာတွင် ဂရုပြုသုံးရန်” ဟူသော မှတ်ချက်ပါလာခဲ့သည်။

နန်းတော်ဦးဘုရားပေါ်သို့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့က ဖိနပ်စီးတက်ခဲံ့သည်ကို စစ်ကောင်စီဝါဒဖြန့်ယန္တရားများတွင် ဖုံးကွယ်ခဲ့သော်လည်း မှတ်ချက်တခုကြောင့် ရှေ့ကဖုံး၊ နောက်ကဖော်ဖြစ်ခဲ့ရသည်။
အာဏာသိမ်း စစ်ကောင်စီ၏ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုး၀င်းဦးဆောင်သည့်အဖွဲ့က ယမန်နေ့ ဧပြီလ ၇ ရက်နေ့က ပဲခူးတိုင်းအတွင်း စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများကို သွားရောက်ကြည့်ရှုခဲ့သည်။

ထိုသို့သွားရောက်ရာတွင် တောင်ငူရှိ နန်းတော်ဦး လောကမာရဇိန်စေတီတော်၊ တောင်ငူဗဟိုအကျဉ်းထောင်၊ တောင်ငူနည်းပညာတက္ကသိုလ်၊ တောင်ငူပြည်သူ့ဆေးရုံ၊ ရွှေဆံတော်စေတီတော်နှင့် ဆွာချောင်းတံတားအခြေအနေတို့ကို ကြည့်ရှုခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်၏ Website ဖြစ်သည့် CINCDS တွင် သတင်းဖော်ပြရာ၌ အောက်ဆုံးတွင် “မှတ်ချက်။ (သတင်းစာများတွင်) အပျက်အစီးတွေ့ရှိများ၊ အပျက်အစီးများ ဦးစားပေးသုံးရန်၊ နန်းတော်ဦးဘုရားတွင် ဖိနပ်စီးထားသဖြင့် ပုံသုံးရာတွင် ဂရုပြုသုံးရန်၊ ဆွာချောင်းတံတားပျက်စီးမှုနှင့် ပြင်ဆင်ဆောင်ရွက်နေမှုများအား သင့်တော်သလိုသုံးရန်” ဟူ၍ ပါရှိလာသည်။

မှတ်ချက်ပေးသူမှာ မည်သူဟုမသိရသော်လည်း CDM လုပ်ခဲ့သူ ပြန်ကြားရေးဝန်ကြီးဌာနဝန်ထမ်းဟောင်းတဦးကတော့ “အယ်ဒီတာ့မှတ်ချက်” ဖြစ်လိမ့်မည်ဟု မဇ္ဈိမသို့ ပြောသည်။ လုံခြုံရေးစိုးရိမ်ချက်ကြောင့် သူ၏ဌာနနှင့် အမည်ကို မဖော်ပြရန် သူက မေတ္တာရပ်ခံသည်။
CINCDS ၏ ထုတ်ပြန်ချက်တွင် နန်းတော်ဦးဘုရားပေါ်သို့ ဒုချုပ်နှင့်အဖွဲ့တက်ရောက်သည့် ဓာတ်ပုံကိုချန်လှပ်ထားခဲ့သော်လည်း အခြားဘုရားတခုပေါ်သို့ တက်ရာတွင် ဖိနပ်ချွတ်တက်ခဲ့သည့်ဓာတ်ပုံကိုတော့ ဖော်ပြခဲ့သည်။

ထို့အပြင်ယနေ့ ထုတ် ကြေးမုံနှင့် မြန်မာ့အလင်းတို့တွင် ဒုချုပ်စိုးဝင်းအဖွဲ့ နန်းတော်ဦးစေတီတော်ပေါ် တက်ရောက်ကြည့်ရှုခဲ့မှုပုံများအား ဖော်ပြလာခြင်းမရှိဘဲ စေတီတော်၏ သီးသန့် အပျက်အစီးပုံများကိုသာ ထည့်သွင်းဖော်ပြခဲ့သည်။
ဒုချုပ်၏ခရီးစဉ်အတွင်း စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာရှိများလည်း ပါဝင်ခဲ့သည်။

ငလျင်ကြောင့် နန်းတော်ဦးစေတီတော်ကြီး၏ စိန်ဖူးတော်၊ ငှက်မျက်နားတော်တို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ရှမ်း စသည့်ဒေသများတွင် ထိခိုက်ပျက်စီးမှုများနှင့် လူသေဆုံးဒဏ်ရာရမှုများဖြစ်ပွားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဧပြီလ ၇ ရက်နေ့အထိထုတ်ပြန်ချက်တွင် ငလျင်ကြောင့် အခြေခံအဆောက်အအုံ ၄,၆၀၀ ကျော်၊ ဘုရားစေတီအပါအဝင် ဘာသာရေးအဆောက်အအုံ ၅,၃၀၀ ကျော်၊ နေအိမ် ၃၂,၀၀၀ ကျော်၊ စာသင်ကျောင်း ၅၅၀ ကျော်နှင့် သေဆုံးသူ ၃,၅၀၀ ရှိသည်ဟု ဖော်ပြထားသည်။



Leave a Reply