ပြင်းထန်ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့ပြီး လူထောင်ချီ သေဆုံးခဲ့သော မန္တလေးတိုင်းကို စစ်ကောင်စီမှ လက်ရှိ ငလျင်ဒဏ်သင့်ကာလအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယမန်နေ့၌ သတင်းထုတ်ပြန်သည်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အားစိုက်လုပ်ဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ အားလုံးသည် ငလျင်ဒဏ်သင့်နှင့် ဆက်စပ်ဒေသများတွင် မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်မှတပါး ထိုးစစ်အားလုံး ၃ ပတ်ခန့် ရပ်စဲမည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) သည်လည်း စစ်ဆင်ရေးများကို ယာယီရပ်ဆိုင်းထားခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီဘက်ကလည်း ငလျင်ဘေးဒဏ်အကြောင်းပြု၍ ဧပြီ ၂ ရက်မှ ဧပြီ ၂၂ ရက်ထိ အပစ်အခတ်ရပ်စဲမည်ဟု ထုတ်ပြန်ကြေညာခဲ့သော်လည်း အရပ်သားပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှု စဉ့်ကူးမြို့နယ်တွင် ၂ ကြိမ်၊ မတ္တရာမြို့နယ်တွင် ၁ ကြိမ်၊ သပိတ်ကျင်းမြို့နယ်တွင် ၅ ကြိမ်၊ မိုးကုတ်မြို့နယ်တွင် ၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲမည်ဟူသော ထုတ်ပြန်ကြေညာချက်သည် ငလျင်ဘေးအကြောင်းပြုကာ ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကြား ၎င်းတို့အတွက် နိုင်ငံရေးအမြတ်ထုတ်လိုသော လုပ်ကြံလီဆယ်မှုတခုသာဖြစ်ကြောင်း ဆိုထားသည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အပစ်အခတ်ရပ်ထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
ပုံစာ – ငလျင်ဒဏ်သင့် မတ္တရာနယ်မှ ထိခိုက်ပျက်စီးမှုတချို့ / CJ


Leave a Reply