ရှေ့တန်းစခန်းများနှင့် စစ်မြေပြင်များတွင် ယတြာအဖြစ် ရတနာသုတ်ကို ၉ ရက်၊ ၉ ကြိမ် ညတိုင်း ရွတ်ဖတ်ခိုင်း

နိုင်ငံတစ်ဝန်းရှိ စစ်တပ်ရှေ့တန်းစခန်းများနှင့် စစ်မြေပြင်များတွင် ယတြာအဖြစ် ရတနာသုတ်ကို ၉ ရက်၊ ၉ ကြိမ် ညတိုင်း ရွတ်ဖတ်ခိုင်း

မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်တပ်ရှေ့တန်းစခန်းများနှင့် စစ်မြေပြင်များတွင် ယတြာအဖြစ် ရတနာသုတ်ကို ၉ ရက်တိတိ ၉ ကြိမ် ရွတ်ဖတ်ခိုင်းနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၈ ရက်နေ့မှ စတင်၍ ဧပြီလ ၁၆ ရက်နေ့အထိ နေ့စဉ် ည ၇ နာရီအချိန်တိုင်း တစ်နိုင်ငံလုံးရှိ စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနရုံးများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးရုံးများ၊ သာသနာတော်ဆိုင်ရာ ဓမ္မာရုံ၊ ဘုန်းကြီး ကျောင်းများ၊ ဆွမ်းလောင်းအသင်းများနှင့် ပြည်သူများ၏ နေအိမ်များတွင်ပါ ရတနာသုတ်ကို ရွတ်ဖတ်ပူဇော်ခိုင်းလျက်ရှိရာတွင် နေပြည်တော်စစ်ရုံးချုပ်ကလည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၊ ရှေ့တန်းစခန်းများနှင့် စစ်မြေပြင်ရှိ တပ်ဖွဲ့ဝင်များကိုပါ ရတနာသုတ် ရွတ်ဖတ်ရန် ညွှန်ကြားချက်ပေးကြောင်း သိရှိရသည်။

“ရတနာသုတ် ပူဇော်ခိုင်းတာက အရပ်ဘက် စစ်ဘက် မခွဲခြားပါဘူး။ ရှေ့တန်းစခန်းတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာလည်း အဲဒါ ရွတ်ဖတ်ပူဇော်ခိုင်းထားပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

တစ်နိုင်ငံလုံးတွင် စစ်ကောင်စီက အရေးပေါ် ရတနာသုတ် ပူဇော်ရွတ်ဖတ်ခိုင်းရခြင်းမှာ မီး ဘေး၊ လေဘေး၊ ရေဘေး နှင့် ငလျင်ဘေး စသည့်သဘာဝဘေး အန္တရာယ်များမှ ကင်း ဝေးစေရန်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ ရှေ့တန်းတစ်ခုတွင် ပြုလုပ်နေသော ရွတ်ဖတ်ပွဲတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

Leave a Reply

Your email address will not be published. Required fields are marked *