နှစ်ဖက်အပစ်ရပ်စဲထားသော်လည်း ကျောက်ဖြူနှင့် စစ်တွေတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က သေဆုံးမှုများရှိ

အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့ နှစ်ဖက်အပစ်အခတ် ရပ်စဲကြောင်းထုတ်ပြန် ထားသော်လည်း ကျောက်ဖြူနှင့် စစ်တွေတို့တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဧပြီ ၉ရက်နေ့က AA ထိန်းချုပ်ထားသည့် ကျောက်ဖြူရှိ ဂုံးချွိန်တိုက်နယ်၊ ပြင်ရှည်ရွာကို စစ်ကြောင်းထိုးဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဒါဇင်ခန့် သေဆုံးကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီက စစ်တွေမြို့တပ်ရင်းများမှနေ၍ ပုဏ္ဏားကျွန်းနှင့် ပေါက်တောကျေးရွာများကို ဧပြီ ၈ရက်နေ့ ည၁၂နာရီခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ AA ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာ လက်နက်ကြီးကျည်တချို့ စစ်တွေ ဒကစ အတွင်း ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်တွေမှာ ၈ ရက်နေ့ ည ၁၂လောက်က အပြန်အလှန်ပစ်ခတ်ကြတာမှာ ဒကစထဲ လက်နက်ကြီး တစ်လုံးကျတယ်ပြောပါတယ်။ ၄၅မိနစ်လောက် ပစ်ကြခတ်ကြတယ်” ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။

AA သည် ပြီးခဲ့သည့် ဧပြီ ၁ရက်နေ့က ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ စိတ်အေးလက်အေး လုပ်ဆောင်နိုင်ရန် တစ်လတာ အပစ်ရပ်စဲကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီ ကလည်း ဧပြီ ၂ရက်နေ့မှစကာ ၃ပတ်ကြာ ယာယီအပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ခဲ့သော်လည်း မြေပြင်တွင်မူ လေကြောင်းမှဗုံးကြဲခြင်းနှင့် မြေပြင်စစ်ကြောင်းထိုးခြင်းများ ပြုလုပ်ခဲ့‌ကြောင်း တွေ့ရသည်။

ထိုသို့ အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီ ၅ရက်တစ်ရက်တည်းတွင်ပင် ဒရော့ဗုံး ၆၀ကျော်နှင့် လက်နက်ကြီး အကြိမ် ၅၀ပစ်ခတ်ခဲ့ကာ စစ်တွေ၊ ချောင်းနွယ်၊ မင်းဂံရွာကို လက်နက် ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *