ချင်းညီနောင်တပ်ဖွဲ့၏ ဖလမ်းမြို့သိမ်း အောင်ပွဲအတွက် NUG နှင့် CNF တို့က ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာ

ချင်းညီနောင်တပ်ဖွဲ့၏ ဖလမ်းမြို့သိမ်းအောင်ပွဲအတွက် အမျိုးသားညီညွတ်ရေး-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ချင်းအမျိုးသားတပ်ဦး(CNF) တို့က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ ကြေညာကြသည်။

ဧပြီလ ၇ ရက်နေ့ ဖလမ်းမြို့သိမ်းအောင်ပွဲ ရယူခဲ့သော ချင်းညီနောင်များနှင့်မဟာမိတ်အဖွဲ့အစည်းများအတွက် ချီး ကျူးဂုဏ်ပြုအပ်ကြောင်း၊ ချင်းညီနောင်များအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲ၍ တော်လှန်ရေးအောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ မြို့သိမ်းအောင်ပွဲအ တွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဧပြီလ ၈ ရက်နေ့ နေ့စွဲဖြင့် NUG က သဝဏ်လွှာပေးပို့သည်။

ထို့ပြင် ချင်းအမျိုးသားတပ်ဦး (CNF) ကလည်း ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့၏ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက် ကြောင်း ဧပြီ ၁၀ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

ဖလမ်းမြို့သိမ်း စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်ကြသော ချင်းညီနောင်အဖွဲ့ဝင်များနှင့် မဟာမိတ်တပ်ဖွဲ့များအား လုံး အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ကြောင်း၊ မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကျဆုံးပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ချင်းလဲန်းတည်ဆောက်ရေးနှင့် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အ၀ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် တော်လှန်ရေးအင်အားစုများအား လုံးကို တိုက်တွန်းကြောင်း CNFက ပြောဆိုထားသည်။

ချင်းညီနောင်နှင့် မဟာမိတ်အင်အားစုများက ၂၀၂၄ နိုဝင်ဘာ ၉ ရက်နေ့မှ စတင်ခဲ့၍ ဖလမ်းမြို့သိမ်း စစ်ဆင်ရေး ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ၅လအကြာတွင် ယခုဧပြီလတွင်မှ အပြီးသတ်အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *