ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၄) ဘိတ်- ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းတွင် တရုတ်ဒရုန်းပညာရှင်များ ရောက်ရှိနေပြီး စစ်ကောင်စီကို အကူအညီပေးနေကြောင်း တပ်မဟာ (၄) ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ၎င်း၏ ဖေ့စ်ဘုတ်လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

တာလေမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၅၇၁)မှ စစ်ကောင်စီတပ်သားများ အထိုင်ချထားသည့် တနင်္သာရီမြို့မှ ရှေ့တန်းစခန်းသို့ တရုတ်ဒရုန်းပညာရှင် ငါးဦး ဧပြီလ ၉ ရက်နေ့က ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် တနင်္သာရီ- မောတောင်လမ်းပိုင်းတလျှောက် စစ်ကောင်စီထိုးစစ်များတွင် အကူအညီပေးနေကြောင်း ကော်သူးလေအာမီ (KTLA) သတင်းရင်းမြစ်က အတည်ပြု ပြောကြားသည်။

တနင်္သာရီ- မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီနှင့် တပ်မဟာ (၄) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ KTLA နှင့် PDF ပူးပေါင်းတပ်များအကြား ပြီးခဲ့သည့် ၂၀၂၄ ခု၊ ဒီဇင်ဘာလ တတိယအပတ်အတွင်းကစ၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

တနင်္သာရီ- မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအား အပြည့်အဝ စိုးမိုးနိုင်ရေးအတွက် စစ်ကောင်စီက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး တိုက်ပွဲများသည် အချိန်ကာလ လေးလနီးပါး ရှိလာပြီဖြစ်သည်။ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းမှ စစ်ဘက်သုံး ဗုံးကြဲလေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းတို့ဖြင့် ခုခံနေပြီး ကင်းထောက်ဒရုန်းများလည်း နေ့စဉ်နီးပါး ပျံသန်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီက ဧပြီလ ၂ ရက်မှစ၍ ဧပြီလ ၂၂ ရက်နေ့အထိ သုံးပတ်ကြာ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲမည့်အကြောင်း ထုတ်ပြန်ကြေညာခြင်း ရှိခဲ့သော်လည်း စစ်ရေးအခြေအနေ တင်းမာလျက်ရှိသည့် တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာအား ဧပြီလ ၇ ရက်၊ နေ့လယ်ပိုင်းက တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းရှိသကဲ့သို့ ဧပြီလ ပထမအပတ်အတွင်းကလည်း သိန်ခွန်းရွာနှင့် မိုင်အနည်းငယ်သာ ကွာဝေးသည့် ချောင်းနောက်ပြန်ရွာကို လေကြောင်းက ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ (ဧပြီလ ၁၀ ရက်) တွင် တနင်္သာရီမြို့နယ်၊ ချောင်းနှစ်ပေါက်ရွာဘက်သို့ ရောက်လာပြီး စစ်ကောင်စီတပ်စခန်းများကို Drop Bomb ချ တိုက်ခိုက်ရန်ပြင်ဆင်နေသည့် တော်လှန်ရေးအင်အားစုများအား ဒရုန်းဖြင့် တန်ပြန်ဗုံးကြဲခြင်းဟူသည့် ရုပ်သံဖိုင်တခုကိုလည်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖော်ပြထားသည်။

တိုက်ပွဲများနှင့် စစ်ကောင်စီ၏ ကျေးရွာများအတွင်း တပ်စွဲနေထိုင်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုများလည်း မကြာခဏ ဖြစ်ပေါ်နေပြီး ထုံခါ၊ ကော့ယွန်း၊ သိန်ခွန်း၊ ချောင်းနှစ်ပေါက်၊ သဲဖြူ၊ ညောင်ပင်ကွင်း၊ ထုံတော်၊ ငါးမိုင်၊ ခြောက်မိုင်၊ ကွင်းသစ်၊ ဗောဓိကမ်းနှင့် အနီးအနား ကျေးရွာတို့မှ ဒေသခံများ ဘေးလွတ်ရာဒေသများတွင် စစ်ဘေးတိမ်းရှောင်နေကြရပြီး အကူအညီများ လိုအပ်လျက်ရှိနေကြောင်း အကူအညီပေးနေသူများက ပြောသည်။

တနင်္သာရီ- မောတောင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်သို့ စစ်ကောင်စီက အရပ်သားအသွင်ယူသွားလာလှုပ်ရှားမှုများ ရှိနေသောကြောင့် အဆိုပါ လမ်းကြောင်းပေါ် သွားလာမည့် ယာဉ်များအနေဖြင့် ကား မှန်ချပြီးမောင်းနှင်ရန်၊ စစ်ကောင်စီနှင့် ပတ်သက် ဆက်နွှယ်သည်များအား တင်ဆောင်ခြင်း မပြုလုပ်ရန်၊ စစ်ကောင်စီနှင့် ဝေးနိုင်သမျှ ဝေးဝေးနေရန်နှင့် စစ်ရေးသတင်း နားစွင့်ပြီး သွားလာကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်း သတိပေးမှုများလည်း လုပ်ဆောင်လျက်ရှိနေကြောင်း တာဝန်ရှိသူများက ပြောသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *