စစ်ကိုင်းတွင် သံဃာ နှင့် သီလရှင်ပေါင်း ၁၀၀ ကျော် ကွယ်လွန် ၊ မန္တလေးတွင် သံဃာ ၆၀ နီးပါး ပျံလွန်တော်မူ

ငလျင်ကြောင့် စစ်ကိုင်းတွင် သံဃာ နှင့် သီလရှင်ပေါင်း ၁၀၀ ကျော် ကွယ်လွန် ၊ မန္တလေးတွင် သံဃာ ၆၀ နီးပါး ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးတွင် သံဃာ နှင့် သီလရှင် စုစုပေါင်း ၁၀၄ ပါး ပျံလွန်တော်မူခဲ့ကြောင်း သီတဂူဗုဒ္ဓတက္ကသိုလ် ကောက်ယူထားသည့် စာရင်းအရ သိရသည်။

စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီးကျောင်း နှင့် သီလရှင်ကျောင်းတိုက် ၅၇ ခုမှ ရဟန်း ၂၅ ပါး၊ သာမဏေ ၂၉ ပါး၊ သီလရှင် ၅၀ ပါး ပျံလွန်တော်မူခဲ့ကာ ထိုကျောင်းတိုက်များရှိ လူပုဂ္ဂိုလ် အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၄၅ ဦး လည်း ငလျင်အတွင်း ကွယ်လွန်ခဲ့ကြောင်း စာရင်းတွင် ဖော်ပြထားသည်။

စစ်ကိုင်းတောင်ရိုးရှိ ကျောင်းတိုက် ၅၇ ခု အနက် သုတေသကချောင်ကျောင်းတိုက်တွင် သီလရှင် ၁၄ ပါး၊ ဇိနော်ဒယစာသင်တိုက်တွင် သံဃာ ၁၁ ပါး နှင့် ရွှေဟင်္သာတိုက်သစ်တွင် သံဃာ ခြောက်ပါး၊ လူ၁၂ ဦး တို့သည် အရေအတွက်အများဆုံးဖြစ်ကြောင်း သိရသည်။

အလားတူ ငလျင်အတွင်း မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်ဟောင်းမှ သံဃာ ၁၈ ပါး၊ မစိုးရိမ်တိုက်သစ်မှ စာသင်သားသံဃာ ၂၁ ပါး စုစုပေါင်းသံဃာ ၃၉ ပါး၊ မန္တလေး၊မဟာအောင်မြေမြို့နယ် ပရိယတ္တိသာသနဟိတအသင်း(ဦးလှသိန်း)ဗိမာန် တွင် သံဃာ ၁၈ ပါး ပျံလွန်တော်မူခဲ့ရကြောင်း လူမှုကူညီရေးအသင်းနှင့် ကျောင်းနာယကတာဝန်ရှိသူများထံက သိရသည်။

မတ်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် နိုင်ငံတဝန်းရှိ ဘုန်းကြီးကျောင်း နှင့်သီလရှင်ကျောင်း ၃,၅၁၄ ကျောင်း၊ နေအိမ် ၆၀,၀၀၀ ကျော်၊ စာသင်ကျောင်း ၂,၃၆၆ ကျောင်း၊ ဆေးရုံဆေးခန်း ၂၉၁ ခု ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ယနေ့ ဧပြီ ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *