စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တောင်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ထံက သိရသည်။
ကလေးမြို့တောင်ပိုင်း ၊ ကြံသာရွာရှိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင် အခြေစိုက် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များစုပေါင်းတိုက်ခိုက်ခဲ့ရာ ယမန်နေ့ (ဧပြီလ ၁၁ရက်) တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲအတွင်း ယင်းသို့သေဆုံးခဲ့ခြင်းဖြစ်သည်။

“အဲဒီနေရာက စစ်ကိုင်းတိုင်းအစွန် မကွေးနဲ့ ချင်းနဲ့ အစပ်မှာရှိတဲ့နေရာဆိုတော့ စစ်ရေး ထောက်ပို့ တွေအရေးပါလို့ သိမ်းတာပါ” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောသည်။
တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရမိထားသည်ဟု ၎င်းက ဆိုသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ခုနစ်ဦး ကျဆုံးပြီး ၁၀ဦးဒဏ်ရာရရှိထားကြောင်း ဆလိုင်းထက်နီက ပြောသည်။
ယင်းနေရာကို ထိန်းသိမ်းထားနိုင်ခြင်းအားဖြင့် လတ်တလောဖြစ်ပေါ်နေသည့် ငလျင်ဘေးထိခိုက်မှု များအတွက် လူမှုကူညီကယ်ဆယ်ရေးလမ်းကြောင်းများပိုမိုအဆင်ပြေနိုင်ကြောင်းသိရသည်။

ကြံသာရွာသည် ပျူစောထီးများ အားကောင်းသည့်ရွာဖြစ်ပြီး ဂန့်ဂေါမြိုနယ်အတွင်းမှ ဟံသာဝတီ ၊ မြောက်ခင်ရန်းတို့မှ ပျူစောထီးများလည်း အင်အားဖြည့်တင်းထားကာ တိုက်ပွဲအတွင်း ဟံသာဝတီ ရွာဘက်သို့ ဒဏ်ရာရသူများနှင့်အတူ ဆုတ်ခွာပြေးကြောင်းသိရသည်။
အဆိုပါတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော်(CNA) ၊ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ကလေး ၊ ကဘော် ၊ဂန့်ဂေါ) CDF – KKG ၊ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) CDF – Hakha၊ ချင်းပြည်ကာကွယ်ရေး တပ်ဖွဲ့ (ထန်တလန်) CDF – Thantlang ၊ CDF Civic Defense Militia – CDM – Siyin ၊ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဆဲန်ထန်) CDF – Senthang ၊ ဂန့်ဂေါမြို့နယ် ဟံသာဝတီ (ပကဖ) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကလေးခရိုင် တပ်ရင်း (၄) နှင့် ပကဖ တိုက်နယ် အမှတ်(၁) မှ တပ်ရင်း တပ်ဖွဲ့များ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကလေးမြို့တောင်ပိုင်းရှိ ကမ်းပါးနီတံတားစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၂ရက်နေ့မှ စ၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်နှင့် ပျူစောထီးများအခြေစိုက်သည့် မှန်တော ၊ အောင်သာယာ၊ အောင်မင်္ဂလာရွာ ရှိစခန်းများကိုလည်း သိမ်းပိုက်ထားကြောင်းသိရသည်။
ပုံအညွှန်း – ကလေးမြို့တောင်ပိုင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့များ အခြေစိုက်သည့် ကြံသာရွာကို တော်လှန်ရေးတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ။ (ဓါတ်ပုံ – ABSDF)


Leave a Reply