သင်္ကြန်အကြိုနေ့ စစ်ကောင်စီက ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်ပြီး ပျက်စီးဆုံးရှုံးမှုများ ရှိ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာကို ယနေ့ သင်္ကြန်အကြိုနေ့တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်မှုရှိကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယနေ့ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေး ရွာကို မိတ္ထီလာလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ဆောင်နေသော နေရာကို ထိမှန်ကာ ပြည်သူများ သေဆုံးမှုမရှိသော်လည်း ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သိရှိရသည်။

“သေဆုံးသူမရှိပါဘူး။ ဒဏ်ရာရတာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဆီရောင်းဝယ်ရေး လုပ်နေတဲ့ ပြည်သူတွေ လေယာဉ်နဲ့ ပစ်သွားတာ” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ယခုသင်္ကြန်ကာလအတွင်း ပြည်သူများကို လေကြောင်းတိုက်ခိုက်မည့် စစ်ဆင်ရေး လုပ်ဆောင်နေပြီး လေတပ်မှ အရာရှိနှင့် တပ်သားများကို နားရက်မပေးထားခြင်းဖြစ်သည်။



သင်္ကြန်အကြိုနေ့ ကျောက်တော်မြို့ကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သားများ ထိခိုက်ပြီး နေအိမ်များပျက်စီး
ရခိုင်ပြည် ကျောက်တော်မြို့ပေါ်မှ ရပ်ကွက်များကို အာဏာသိမ်း စစ်ကောင်စီက သင်္ကြန်အကြိုနေ့ ယနေ့ ဧပြီလ ၁၃ ရက် နံနက် ၉ နာရီခွဲအချိန်တွင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကာ လူနေအိမ်များလည်း ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “အကြမ်းဖက် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ ကျဲချခဲ့တာ။ လမ်းတစ်နဲ့ ရွာမဘက်တွေမှာ ရွှေကျောင်းအနီးပေါ့ ကျရောက်ပေါက်ကွဲခဲ့တယ်။ ကလေး ၁ ဦးနဲ့ နောက်တစ်ဦး ဒဏ်ရာ ရတယ်လို့ သိရတယ်။ သေဆုံးသူမရှိဘူးလို့တော့ ပြောပါတယ်။ လူနေအိမ်တော်တော်များများ ပျက်စီးသွားတယ်လို့ သိရတယ်။ အသေးစိတ်တော့ ကျနော်တို့လည်း စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ကျနော်တို့ဘက်မှာက အင်တာနက်လည်းမရ၊ ဖုန်းလည်းမရတော့ သတင်းအချက်အလက်ရဖို့က အရမ်းခက်ခဲပါတယ်” ဟု ပြောသည်။
ဧပြီလ ၁၁ ရက် နံနက်ပိုင်းကလည်း ပေါက်တောမြို့နယ်က မွတ်ဆလင်များ နေထိုင်သည့် အနောက်ရဲ ကျေးရွာကို အာဏာသိမ်း စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကျဲချတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီ၏လေယာဉ်က ကျဲချသော ပေါင် ၅၀၀ ဗုံးနှစ်လုံးမှာ အနောက်ရဲကျေးရွာ အပြင်၌ ကျရောက်ပေါက်ကွဲ ခြင်းကြောင့် ဒေသခံမွတ်စလင်များ ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီက အပစ်ရပ်စဲထားကြောင်း ပြောထားသော်လည်း ရခိုင်အပါအဝင် မြန်မာနိုင်ငံအနှံ့ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည်။
စစ်ကောင်စီ၏ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများသည် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများနေထိုင်ရာ မြို့နှင့် ကျေးရွာများ၊ အဆောက်အဦများကို အကြမ်းဖက် တိုက်ခိုက်နေသည်ဟု တော်လှန်ရေးအင်အားစုများက ပြောဆိုကြသည်။


Leave a Reply