စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ဝမ်ပေါင်ကုမ္ပဏီအတွက် လုံခြုံရေး ယူပေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မေ ၃ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်မှာ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရခဲ့ကြတယ်လို့ Black Eagle LPDF ဆီကနေ သိရပါတယ်။
Black Eagle LPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “မုံရွာ-ပုသိမ်လမ်းပိုင်းပေါ်မှာရှိတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီနားမှာ လုံခြုံရေးကင်းစောင့်ပေးနေရင်း ခရီးသွား မော်တော်ယာဥ်တွေဆီကနေ ဆက်ကြေးတောင်းနေတဲ့ အင်အား ၄၀ လောက် စုနေကြတဲ့ ဂိတ်ကို အနားကပ်ပြီး ပစ်ခတ်ခဲ့တာပါ” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို Black Eagle LPDF က ဦးဆောင်ပြီး Fighter brotherhood Guerrilla Army (FBGA)၊ နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ယင်းမာပင်ဒရုန်းတပ်ဖွဲ့)တို့နဲ့အတူ တခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ ဆိုပါတယ်။
Black Eagle LPDF ရဲ့ တာဝန်ခံ ဗိုလ်နက်ကျော် က “မျက်မြင် ၆ ယောက် သေတယ်။ ဒဏ်ရာရတဲ့ကောင်တွေကို ကားတွေနဲ့ သယ်သွားကြတယ်။ ပစ်ခတ်မှုမှာ သူတို့ဘက်က ပြန်ပစ်တာတွေရှိတယ်။ ကျနော်တို့အဖွဲ့က Local အဖွဲ့ဆိုတော့ ကျည်ကို တိုင်းတိုင်းဆဆ သုံးရတဲ့ အနေအထားဆိုတော့ မြန်မြန်ပြန်ဆုတ်လာကြလို့ ကျနော်တို့ဘက်က ထိခိုက်မှုမရှိခဲ့ဘူး” လို့ ပြောပါတယ်။


Leave a Reply