ယခု မေလအတွင်း မုံရွာမှာ တတိယမြောက် ပြန်ပေးဆွဲခံရမှုဖြစ်
စစ်အုပ်စု ကြီးစိုးထားတဲ့ စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမှာ ပြန်ပေးဆွဲ၊ ဓားပြမှူတွေ မကြာခဏ ဖြစ်နေ
စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ မေလ ၈ရက် ဒီကနေ့ မနက်ပိုင်း အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ် တစ်ဦးကို လက်နက်ကိုင် လူတစ်စုက ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းရရှိပါတယ်။
“(မနက်) ၉နာရီခွဲလောက်က ကျနော့်သာလေးကို လူတစုက လက်နက်ပြ ခြိမ်းခြောက်ပြီး ခေါ်ဆောင်သွားလို့ပါ။ တွေ့ရင် ဆက်သွယ်ပေးပါအုံးဗျ။ မုံရွာမြို့၊ အောင်ချမ်းသာ (ရပ်ကွက်) မြဝတီလမ်း” လို့ ကလေးငယ်ရဲ့ ဖခင်က လူမူကွန်ယက်မှာ ရေးပါတယ်။
မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ မြဝတီလမ်းမှာ သားအမိနှစ်ယောက် ဆိုင်ကယ်စီး သွားလာနေချိန် ကလေးငယ်ကို သေနတ်ထောက်ပြီး ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
“သားမိနှစ်ယောက် ဆိုင်ကယ်စီးနေရင်း နောက်က ဆိုင်ကယ်က ရောက်လာပြီး ခလေးကို အတင်းလုကာ သေနတ်နဲ့ ထောက်ပြီး ခေါ်မောင်းသွားတာပါရှင့်”
စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ တည်ရှိသလို မြို့ပေါ် နေရာအနှံ့ စစ်အုပ်စု လက်နက်ကိုင်တွေ ကြီးစိုးသောင်းကျန်းနေတဲ့ မုံရွာမြို့မှာ လူသတ်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှူ၊ ဓားပြမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး လစဉ် ပြန်ပေးဆွဲမှုနဲ့ ဓားပြမှုက ငါးကြိမ်ထက်မနည်း ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ယခု ဖြစ်စဉ်ဟာ မေလအတွင်း သုံးကြိမ်မြောက် ပြန်ပေးဆွဲ၊ ဓားပြတိုက်ခံရမှု ဖြစ်ပြီး မေလ ၁ရက်က မုံရွာမြို့၊ သလ္လာရပ်ကွက်ထဲရှိ ရွှေဆိုင် ဓားမြတိုက်ခံရသလို မေလ ၄ ရက်ကလည်း မုံရွာမြို့၊ နန္ဒ၀န်ရပ်ကွက်ထဲရှိ liquor ဆိုင်က ကလေးနဲ့ မိခင်တို့ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“မုံရွာအခြေအနေ ပြောရရင် ပြန်ပေးဆွဲ၊ ဓားမြတိုက်၊ လုယက်မှုတွေက တစ်လကို အနည်းဆုံး ငါးကြိမ်လောက် ရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ အတွင်းကလည်း ကုန်စုံဆိုင် နှစ်ဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင် နှစ်ဆိုင် ပြန်ပေးဆွဲ၊ ဓားမြတိုက်ခံရတာ ရှိတယ်။ လုယက်မှုနဲ့ ဓားမြတိုက်မှုတွေလည်း ရှိခဲ့တယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မုံရွာမြို့ပေါ် ဓားပြတိုက်၊ ပြန်ပေးဆွဲနေသူတွေထဲ စစ်အုပ်စုက ထောင်ကလွှတ်ပေးပြီး လက်နက် ထုတ်ပေးထားတဲ့ ထောင်ထွက်တွေ၊ ပျူစောထီးတွေ ပါဝင်နိုင်သလို တော်လှန်ရေးအဖွဲ့ အမည်ခံကာ ဓားပြတိုက်စားနေတဲ့ အဖွဲ့တွေလည်း ရှိနိုင်တယ်လို့ မြို့ခံတချို့က သုံးသပ်ပါတယ်။
“ပြန်ပေးဆွဲတဲ့ လူတွေက သူတို့ လိုချင်တဲ့ ငွေပမာဏ တောင်းတယ်၊ ပေးနိုင်တဲ့ အနေအထား ညှိပြီး ပြန်လွှတ်တာလည်း ရှိတယ်။ လွတ်လာတဲ့ လူတွေက ဒီမှာ မနေတော့ဘဲ ပြောင်းသွားကြတာ။ ထပ်ဖြစ်မှာ ကြောက်ကြလို့၊ ပြီးတော့ အန္တရာယ်ပြုမှာ ကြောက်လို့ ဘာသတင်းမှ မထွက်တော့တာလည်း ရှိတယ်”
လက်ရှိမှာ စစ်အုပ်စုက မုံရွာမြို့အနှံ့ လမ်းပေါ်ဂိတ်ဖွင့်၊ ဖမ်းဆီးငွေညှစ်နေသလို မြို့ အဝင်အထွက် တွေကို ပိတ်ဆို့ စစ်ဆေးနေတဲ့ ကြားက အခုလို မြို့ပေါ်မှာ ဓားပြတိုက်၊ ပြန်ပေးဆွဲမှုတွေ ဆက်တိုက် ဖြစ်ပွားနေတာပါ။
မုံရွာမြို့မှာ ဒီမနက်ပိုင်း ပြန်ပေးဆွဲခံလိုက်ရတဲ့ ကလေးငယ်/Photo – MT FB


Leave a Reply