မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် လက်နက်ပဋိပက္ခ ရှေ့ရောက်နေခြင်းမှာ မှားယွင်းနေကြောင်း နိုင်ငံရေးပါတီများက သက်သေပြရန် ဒေါက်တာအေးမောင် ပြော
မြန်မာ့နိုင်ငံရေးပြဿနာများအား ဖြေရှင်းဆောင်ရွက်ရာတွင် လက်နက်မှသာလျှင် နိုင်ငံရေးပြဿနာ ဖြေရှင်းဆောင်ရွက်၍ရမည်ဟု အယူအဆဖြင့် လက်နက်ပဋိပက္ခများ ရှေ့ရောက်နေခြင်းမှာ မှားယွင်းကြောင်း ရခိုင့်ဦးဆောင်ပါတီ AFP ခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောသည်။
ယနေ့ မေလ ၁၀ ရက်တွင် ရန်ကုန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ရုံး၌ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲတွင် ဒေါက်တာအေးမောင်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယင်းတွေ့ဆုံပွဲသို့ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံရေးပါတီ ၂၃ ပါတီ တက်ရောက်ကြပြီး မြန်မာနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“လက်ရှိကာလမှာ အားလုံးသိတဲ့အတိုင်းပဲ နိုင်ငံရေးပါတီတွေက နောက်ကိုဆုတ်သွားတယ်။ လက်နက်ကိုင်ပဋိပက္ခ ရှေ့ကိုရောက်ပြီးခါမှ လက်နက်မှသာလျှင် နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုတဲ့ ဟာ သွားပြီ။ ဒီဥစ္စာမှားကြောင်းကို ကျနော်တို့ သက်သေပြဖို့ လိုပါတယ်။ အဲသလို မှားကြောင်း သက်သေပြဖို့ နိုင်ငံရေးအားဖြင့် ကျနော်တို့တွေဟာ ပါတီတွေ ဘယ်လောက်ပဲ ကွဲကွဲ ညီညွတ်ပါတယ်။ လာမယ့် ၅ နှစ်တာကာလမှာ ဒီလိုပဲ နိုင်ငံရေးအကျပ်အတည်းကို တကယ့်စုပေါင်းပြီးခါမှ ဖြေရှင်းသွားပါတယ်ဆိုတဲ့ ဥစ္စာမျိုးကို ဒီ နစကရဲ့ ၅ နှစ်တာအလွန်ကာလမှာ တည်ငြိမ်အေးချမ်းပြီးမှ ဒီလက်ရှိ ၅ နှစ်နဲ့ ဆက်စပ်တဲ့ အားတစ်ခုဖြစ်အောင်လုပ်ဖို့ ကျနော်တို့ ကြိုးစားပြီးမှ ဝိုင်းဝန်းတည်ဆောက်ဖို့ လိုပါတယ်” ဟု ဒေါက်တာ အေးမောင်က ပြောသည်။
ယင်းအပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများ၊ ပြည်တွင်းစစ်များ ဆက်လက်ရှိနေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှု မရရှိခြင်းမှာ ပါတီစုံစနစ်ကျင့်သုံးခြင်းက အဓိက အကြောင်းအရင်းတစ်ခုဖြစ်ပြီး တစ်ပါတီစနစ်ဖြင့် မြန်မာနိုင်ငံအား ပြန်လည်တည်ဆောက်ရေးကို ဒေါက်တာအေးမောင်က ကဆိုသည်။
“မြန်မာ့နိုင်ငံရေး၊ စစ်ရေးတင်းမာမှု။ ကျနော်တို့လိုအပ်တာက တည်ငြိမ်အေးချမ်းတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်း။ အဲဒီအခင်းအကျင်းကို မရဘဲနဲ့ ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအသစ်အဖြစ် မတည်ဆောက်နိုင်ဘူး။ ကျနော်တို့ အားလုံး ညီညွတ်နိုင်မှ၊ ပေါင်းစည်းနိုင်မှ ကျနော် ပထမ ပြောသလို တစ်ပါတီ အဲဒါ စဉ်းစားဖို့ လိုပါတယ်။ တစ်ပါတီမဖြစ်နိုင်တောင်မှ ရွေးကောက်ပွဲ မတိုင်မီ မြန်မာနိုင်ငံရေး လိုအပ်ချက်က အမျိုးသားညီညွတ်တယ်ဆိုတဲ့ စုပေါင်းစပ်ပေါင်း နိုင်ငံရေးအားဖြင့် ညီညွတ်တယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရောက်အောင်ချီတက်မယ်ဆိုတဲ့ မူနဲ့ သွားမယ်ဆိုရင် ပါတီတိုင်းအားလုံး ညီညွတ်ဖို့ လိုပါတယ်” ဟု ပြောသည်။
နိုင်ငံရေးပါတီများ ညီညွတ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုင်းတက်ရေးတို့အတွက် လုပ်ဆောင်ရမည်ဟု ဒေါက်တာအေးမောင်က ဆက်လက်ပြောသည်။
“ကျနော်တို့ လက်ရှိကာလကို လွတ်လပ်ရေးခေတ်ဦးကာလလို ပြန်စဉ်းစားဖို့ လိုပါတယ်။ အဲဒီအတိုင်းသွားရင်း မညီညွတ်ဘူး။ သတ်တယ်ဖြတ်တယ်။ အခု သဘာဝဘေးအန္တရာယ် ကျရောက်တယ်။ ငလျင်ကြောင့် ပြည်သူတွေအများကြီးသေကြတယ်။ စစ်ကြောင့် သေတာ၊ ဒုက္ခသည်သန်းကျော်နေပြီ။ အဲဒီတော့ ပြန်လည်တည်ဆောက်ရေးအတွက် ကျနော်တို့ ညီညွတ်မှ ဖြစ်မယ်။ အဲဒီမှာ တစ်ပါတီ လိုအပ်ပါတယ်။ ကျနော်တို့ ဘယ်လို ညီညွတ်အောင် လုပ်မကြမလဲ။ ရုရှားလို ဘယ်လိုတည်ဆောက်မလဲ။ ဗီယက်နမ်လို တည်ဆောက်မလား။ ကမ္ဘောဒီးယားက တစ်ပါတီစနစ်နဲ့ ဘာကြောင့် အဆင်မပြေနေတာလဲ။ လာအို၊ တရုတ် ဘာကြောင့် တည်ငြိမ်နေကြတာလဲ ကျနော်တို့ စဉ်းစားဖို့လိုပါတယ်” ဟု ပြောသည်။
တစ်ပါတီစနစ်ဖြင့် တိုင်းပြည်တည်ဆောက်ပါက ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ပြီး ပြည်သူများ လုံခြုံအေးချမ်းကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ပါတီပေါင်းစုံ၊ လက်နက်ကိုင်ပေါင်းစုံဖြင့် ပဋိပက္ခများ အလွန်ရှုပ်ထွေးနေကြောင်း ဒေါက်တာအေးမောင်က ပြောဆိုခဲ့သည်။
ပုံစာ-ရခိုင်ပြည်နယ် စစ်တွေမြို့ တရားရုံးတစ်ခုတွင် နိုင်ငံတော်ပုန်ကန်မှု၊ မတည်မငြိမ်ဖြစ်စေမှု ပုဒ်မများနှင့် စစ်ဆေးခံနေရသည့် ဒေါက်တာအေးမောင်ကို ၂၀၁၉ ခုနှစ်အတွင်း တွေ့ရစဉ်။

Leave a Reply