မိုးညိုမှာ အုပ်ချုပ်ရေးမှူး ခင်မြတ်မွန်မှ စစ်တပ်ခေါ်ပြီး လူငယ်တစ်ဦးလျှင် စစ်မှုထမ်းထောက်ပံ့ကြေး သိန်း(၆၀) ပေးရန် ခြိမ်းခြောက်တောင်းနေလို့ လူငယ်တွေရှောင်နေရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက မိုးညိုမြို့နယ်၊ ဆုံကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ခင်မြတ်မွန် သည် ဆုံကုန်းရွာနေ အသက် ၁၈နှစ် မှ အသက် ၃၂နှစ်အတွင်း အကျုံးဝင်သည့် အမျိုးသားများအား မေလ ၈ ရက်နေ့တွင် တစ်ဦးလျှင် ကျပ်သိန်း ၆၀ ပေးရန် အတင်းအကြပ် တောင်းခံနေ​လို့ ရွာအတွင်းရှိ လူငယ်များ တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

“ရွာကလူငယ် ၉ယောက်ကို စစ်မှုထမ်းကြေး တစ်ယောက် သိန်း၁၀၀ ပေးဖို့ အုပ်ကြီး ဒေါ်ခင်မြတ်မွန်က အတင်းအကြပ် တောင်းနေပါတယ်။ ရွာထဲက တခြားလူငယ်တွေကိုတော့ တစ်ယောက် သိန်း၆၀ တောင်းတယ်။ အရင်တလောက PDFတွေ သူ့ဆီ သတိပေးစာ ပို့ထားလို့ စစ်တပ်ကို အိမ်မှာလုံခြုံရေး ခေါ်ထားပြီး တောင်းနေတာ။ လူငယ်တွေရဲ့ မိဘတွေကိုခေါ်ပြီး ငွေအတင်းတောင်းနေတာ မပေးရင် စစ်တပ်ထဲဝင်ရမယ်တဲ့။ မိဘတွေက မပေးနိုင်ကြတော့ လူငယ်တွေ အကုန်ရှောင်နေရပါတယ်”ဟု ဒေသခံတစ်ဦးမှ ပြောသည်။

အုပ်ချုပ်ရေးမှူး ခင်မြတ်မွန် ဟာ စစ်ကောင်စီတပ်သားများနှင့်အတူ ဆုံကုန်းအုပ်စုအတွင်းရှိ ဆုံကုန်း၊ သံပုရာခုံ၊ ပြည့်စင်ကုန်း၊ လေးအိမ်တန်း နှင့် တာလေးရာရွာမှ လူငယ်များအား မကြာခဏဆိုသလို ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် လူငယ်များ တိမ်းရှောင်ထွက်ပြေးနေရပြီး လူငယ် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဆုံကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ခင်မြတ်မွန် နှင့် ရာအိမ်မှုးများထံ စစ်မှုထမ်းထောက်ပံ့ကြေးအဖြစ် ငွေကြေးများ လစဥ်ပေးထားသော်လည်း လူငယ်များကို ပစ်မှတ်ထားကာ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေ၍ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အုပ်ချုပ်ရေးမှူး ခင်မြတ်မွန် အား အရေးယူပေးရန် ဒေသခံပြည်သူများ ​လိုလားနေကြသည်။

“စစ်မှုထမ်းကြေး လစဥ်ပုံမှန်ပေးလည်း အုပ်ကြီး ဒေါ်ခင်မြတ်မွန်က စစ်တပ်ခေါ်ပြီး ပေါ်တာဆွဲနေလို့ လူငယ်တွေ တိမ်းရှောင်နေရပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ဒေါ်ခင်မြတ်မွန် ကို PDFအဖွဲ့များမှ အမြန်ဆုံး အရေးယူပေးကြဖို့ မေတ္တာရပ်ခံပါတယ်”ဟု ဆုံကုန်းအုပ်စုနေ ဒေသခံတစ်ဦးမှ ပြောသည်။

ဓာတ်ပုံ – ဆုံကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ခင်မြတ်မွန်


Leave a Reply

Your email address will not be published. Required fields are marked *