အာရှလမ်းတွင်ထိုးစစ်ဆင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များရှေ့မတိုးနိုင်ရေး စစ်ကောင်စီ အပြင်းအထန်ခုခံနေရ၊ အင်အား၊ ရိက္ခာနှင့်ခဲယမ်းများပို့ဆောင်
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နေ့စဉ်တိုက်ပွဲဆက်လက်ပြင်းထန်လျှက်ရှိပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များရှေ့မတိုးနိုင်ရန် စစ်ကောင်စီဘက်မှအပြင်းအထန်ခုခံနေရပြီး အင်အား၊ ရိက္ခာနှင့်ခဲယမ်းများလည်းပို့ဆောင်နေသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့နီးစပ်သည့် သတင်းရင်းမြစ်ထံမှသိရှိရသည်။

“အာရှလမ်းတစ်နေရာမှာတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်။ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိပေမဲ့ ကျနော်တို့ဘက်က ထိခိုက်ကျဆုံးမှုနည်းနည်းပါးပါးတော့ရှိတယ်” လို့ အထက်ပါသတင်းအရင်းမြစ် ကပြောပါတယ်။
“အခုကျနော်တို့ထိုးစစ်ကို ရှေ့မတိုးနိုင်အောင် စစ်ကောင်စီဘက်ကနေ ခုခံကာကွယ်တယ်။ လူအင်အား လည်းဖြည့်တင်းမှုများရှိတယ်။ ရိက္ခာနှင့်ခဲယမ်းများဆက်လက်ပို့ဆောင်ပြီး ခုခံကာကွယ်နေတယ်။ လွန်ခဲ့တဲ့၂ ရက်လောက်မှာလည်း စစ်ကောင်စီဘက်ကနေ ဘားအံမှ ကျုံဒိုး ၅၄၅ တပ်တွင်းထဲကို ၆ဘီးကား ၈ စီးရောက်ရှိနေတယ်။ ၂စီးမှာ ရိက္ခာနဲ့လက်နက်ခဲယမ်းများတင်လာတယ်။ ကျန်တဲ့ ၆စီးတော့ စစ်သားတွေ တင်ဆောင်လာတယ်” လို့ အဆိုပါသတင်းအရင်းမြစ်ကပြောပါတယ်။

ကျုံဒိုးမြို့ကနေ စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုနှင့်ဒရုန်းတိုက်ခိုက်မှုများလုပ်ဆောင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှလည်း စစ်ကောင်စီ၏တည်နေရာပစ်မှတ်များအား ဒရုန်းဗုံးသီး ကြဲချမှုများနှင့်လက်နက်ကြီးများ တန်ပြန်တိုက်ခိုက်မှုများလည်း လုပ်ဆောင်လျက်ရှိသည်ဟုသိရသည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီစစ်ကြောင်းနှင့် စစ်ကောင်စီတပ်စခန်းများအား ဆက်လက်တိုက်ခိုက်လျှက်ရှိနေသည်ဟုသတင်းအရင်းမြစ်ကဆိုသည်။

Leave a Reply