
နိုင်ငံရေးပါတီတစ်ရပ်ရပ်က အစိုးရဖြစ်လာပြီးမှ ပြုလုပ်တဲ့ရွေးကောက်ပွဲဟာ မသမာမှုဖြစ်နိုင်ခြေများပြီး စစ်တပ်က ဦးစီးတဲ့ ရွေးကောက်ပွဲဟာ သမာသမတ်ဖြစ်မယ်လို့ ယုံကြည်ကြောင်း ပြည်သူ့ရှေ့ဆောင် ပါတီ(PPP)ရဲ့ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။
ဒီနေ့ မေ ၁၁ ရက်တုန်းက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ PPP ပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ပြောခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ဟာ လွှတ်တော်မှာ အမတ်နေရာ ၂၅ ရာခိုင်နှုန်း၊ ဒုတိယ သမ္မတ တစ်ဦး၊ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနေရာတွေကို အဆိုပြု ခန့်အပ်နိုင်ခွင့် အလိုအလျောက် ရထားပြီးသားဖြစ်တဲ့အတွက် ယုံကြည်တာလို့ သူက ပြောပါတယ်။
“နိုင်ငံရေးပါတီက အစိုးရဖြစ်လာပြီးတော့မှ ရွေးကောက်ပွဲလုပ်တယ်ဆိုတာ မသမာမှုဖြစ်ဖို့ ပိုပြီးအလား အလာရှိတယ်။ တပ်မတော်က ဦးစီးလုပ်ပေးတဲ့ ရွေးကောက်ပွဲသည် သမာသမတ်ဖြစ်မယ်လို့ ယုံကြည် ပါတယ်” လို့ ဒေါ်သက်သက်ခိုင်က ပြောခဲ့တာပါ။

PPP ပါတီဟာ ၂၀၂၅ နှစ်ကုန်ပိုင်းမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီ ကိုယ်စားလှယ်တွေကို ရွေးချယ်ရေးအတွက် ကိုယ်စားလှယ်လောင်း စိစစ်လျာထားရေး ကော်မတီ ဖွဲ့စည်းဆောင်ရွက်နေပြီလို့ သူက ပြောပါတယ်။
“အခုရွေးကောက်ပွဲက နိုင်သူအကုန်ယူစနစ်၊ အချိုးကျကိုယ်စားပြုစနစ် ဒါတွေကို ရောပြီး ကျင်းပမယ်လို့ နားလည်ထားတယ်။ ပါတီက ကိုယ်စားလှယ်လောင်းတွေ အဆင်သင့်ပြင်ထားပြီး နိုင်ငံတော်က ရွေး ကောက်ပွဲဥပဒေ၊ နည်းဥပဒေထွက်ပြီးမှ မဲဆန္ဒနယ်က ဘယ်သူ၊ ဘယ်လွှတ်တော်က ဘယ်ကိုယ် စား လှယ်ပြိုင်မယ်ဆိုတာ ရွေးချယ်သွားမယ်” လို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

မဲမသမာမှုဖြစ်ခဲ့တယ်လို့ စစ်တပ်ကကြေညာပြီး အာဏာသိမ်းမှုဖြစ်တဲ့အထိ ဦးတည်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီကနေ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၀ ကျော် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပါတယ်။
ဒေါ် သက်သက်ခိုင်ကိုယ်တိုင်လည်း ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီမဲဆန္ဒနယ်မှာ သူနဲ့အတူဝင်ရောက် ရွေးချယ်ခံတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဒေါက်တာမေဝင်းမြင့်က အနိုင်ရခဲ့ပါတယ်။
တစ်ဖက်မှာလည်း မတ်လ ၉ ရက်နေ့အထိဆိုရင် စစ်ကောင်စီ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့ပါတီအရေအတွက် စုစုပေါင်း ၇၆ ခုအထိ ရှိနေပြီဖြစ်ပါတယ်။






Leave a Reply